Friday, May 17, 2019

အသက် (၁၀) နှစ်အောက် ဘောလုံးပွဲတော်(ရန်ကုန်)တွင် ဒလမြို့နယ်အသင်း ဗိုလ်စွဲ

 အာရှဘောလုံးပွဲတော် အထိမ်းအမှတ်နေ့အဖြစ် ကျင်းပသည့် အသက်(၁၀) နှစ်အောက် ဘောလုံးပွဲတော် (ရန်ကုန်) တွင်ဒလမြို့နယ်အသင်းက လှိုင်မြို့နယ်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့ သည်။ မေလ ၁၆ ရက် နံနက်က အမျိုးသားဘောလုံး အကယ်ဒမီ (ရန်ကုန်)၌ ကျင်းပသည့် ယင်းပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဒလမြို့နယ် အသင်းနှင့် လှိုင်မြို့နယ် အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ရာ တစ်ဂိုးစီ သရေကျသဖြင့် ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းခဲ့သည်။
ပင်နယ်တီတွင် ဒလမြို့နယ်က လှိုင်မြို့နယ်အသင်းကို အနိုင်ရကာ ချန်ပီယံဆု ရရှိခဲ့သည်။ MFF U-10, 5V5 Grassroots Tournament 2019 (Yangon Re−gion) ဘောလုံးပွဲတော်ကို မေလ ၁၅ နှင့် ၁၆ ရက်တွင် ကျင်းပပြီး ရန်ကုန်တိုင်းဒေသကြီးရှိ ၂၄ မြို့နယ်မှ ၂၄ သင်း ယှဉ်ပြိုင်ခဲ့သည်။

ပြိုင်ပွဲကို အုပ်စု ခြောက်ခု ခွဲ၍ ကျင်းပပြီး အုပ်စုအဆင့် ပွဲစဉ်များကို မေလ ၁၅ ရက်၊ ရှုံးထွက်၊ ကွာတား၊ အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲစဉ်များကို မေလ ၁၆ ရက်တွင်ကျင်းပကာ ဗိုလ်လုပွဲအပြီး ဆု ပေးပွဲ ကျင်းပခဲ့သည်။

ပြိုင်ပွဲတွင် ဗိုလ်စွဲသည့် ဒလမြို့နယ်အသင်းကို ချန်ပီယံဆုဖလားချီးမြှင့်ပြီး ဒုတိယရ လှိုင်မြို့နယ်အသင်း၊ တတိယရ ရွှေပြည်သာမြို့နယ်အသင်းနှင့် စတုတ္ထရ ကော့မှူးမြို့နယ် အသင်းတို့ကို အမှတ်တရ ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် လာမည့်နှစ်များတွင် ယခုကဲ့သို့ (၁၀) နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲများအပြင် အလယ်တန်းအဆင့် ကျောင်းပေါင်းစုံ ပြိုင်ပွဲများကိုပါ ကျင်းပနိုင်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ဘောလုံးပွဲတော်ဖွင့်ပွဲ၌ ပြောကြားသည်။

No comments:

Post a Comment