Friday, May 17, 2019

ခင်ဦးမြို့နယ်တရားသူကြီး(ယခု ကျောက်တံခါး မြို့နယ်တရားသူကြီး)၊ ရှေ့နေတစ်ဦးနှင့် ရုံးစောင့်/သန့်ရှင်းရေးတစ်ဦးတို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

ခင်ဦးမြို့နယ်တရားသူကြီး(ယခု ကျောက်တံခါး မြို့နယ်တရားသူကြီး)၊ ရှေ့နေတစ်ဦးနှင့် ရုံးစောင့်/သန့်ရှင်းရေးတစ်ဦးတို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူကြောင်း မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်လိုက်ရာ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်တရားရုံးတွင် ရာဇဝတ်ကြီးမှုအမှတ် ၃၁၉/၁၇ သစ်တောအမှုဖြင့် အမှုရင်ဆိုင်နေစဉ် ငှားရမ်းခဲ့သော တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာခြည်ဝင်းမှ တရားသူကြီးနှင့် တရားရုံးဝန်ထမ်းများအား ပေးရန်အတွက်ဟုဆို၍ ငွေများပေးခဲ့ရသော်လည်း အမှု မအောင်မြင်ခဲ့ခြင်း၊ ခရိုင်တရားရုံးသို့ အယူခံတက်ရောက်ခဲ့ရာတွင် ငွေပေးခဲ့ရခြင်းအပေါ် အရေးယူပေးပါရန် ဤကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။


�တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်တရားရုံးတွင် သစ်တောဥပဒေ ပုဒ်မ ၄၂(ခ)အရ စွဲဆိုခဲ့သည့် ရာဇဝတ်ကြီးမှုအမှတ် ၃၁၉/၂၀၁၇ အမှုအား အမိန့်ချမှတ်သည့်နေ့တွင် တရားခံရှေ့နေ ဒေါ်ဇာခြည်ဝင်းသည် မြို့နယ်တရားသူကြီးနှင့် တရားရုံးဝန်ထမ်းများ ပေးရန်ဟုဆိုကာ တရားခံ၏ မိခင်ထံမှ စုစုပေါင်းငွေကျပ် ၃၀၂၀၀၀၀/-ကို တောင်းခံရယူခဲ့ကြောင်း၊ ခင်ဦးမြို့နယ်တရားသူကြီး ဒေါ်ရည်ရည်မွန် (တ/၂၈၇၃) (ယခု ကျောက်တံခါး မြို့နယ်တရားသူကြီး)သည် ငွေကျပ် သိန်း ၂၀ ကို ရယူ၍ အမိန့်ချမှတ်ခဲ့ခြင်းသည် ၎င်း၏ ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် မြို့နယ်တရားသူကြီး ဒေါ်ရည်ရည်မွန် အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ လည်းကောင်း၊ တရားခံ၏ မိခင်ထံမှ ငွေများ တောင်းခံရယူရာတွင် အားပေးကူညီခဲ့ကြသည့် ရှေ့နေ ဒေါ်ဇာခြည်ဝင်းနှင့် ခင်ဦးမြို့နယ်တရားရုံး ရုံးစောင့်/သန့်ရှင်းရေး ဦးရဲဝဏ္ဏ တို့အပေါ် ဤဥပဒေ ပုဒ်မ ၅၆/၆၃ အရ လည်းကောင်း၊ ခင်ဦးမြို့နယ် တရားရုံး ရုံးစောင့်/သန့်ရှင်းရေး ဦးရဲဝဏ္ဏသည် ခင်ဦးမြို့နယ် တရားရုံး ရာဇဝတ်ကြီးမှုအမှတ် ၃၁၉/၂၀၁၇ အမှုအား တရားရုံးတွင် စစ်ဆေးနေစဉ် ၂၀၁၇ ခုနှစ် ကာလအတွင်း တရားခံ၏ မိခင်ထံမှ အကြောင်းအမျိုးမျိုးပြ၍ ငွေကြေးများ တောင်းခံရယူခဲ့ခြင်းသည် အမှုသည်ထံမှ တံစိုးလက်ဆောင် ရယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဦးရဲဝဏ္ဏ အပေါ် ဤဥပဒေပုဒ်မ ၅၇ အရ လည်းကောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့မရဲစခန်းတွင် ၁၆-၅-၂၀၁၉ ရက်နေ့၌ ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာခြည်ဝင်းနှင့် တရားရုံး ရုံးစောင့်/သန့်ရှင်းရေး ဦးရဲဝဏ္ဏတို့အား ဖမ်းဆီးရရှိပြီး ခင်ဦးမြို့နယ်တရားရုံးတွင် ရီမန်ရယူ၍ စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်တွင် တရားစွဲတင်နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ခင်ဦးမြို့နယ် တရားသူကြီး ဒေါ်ရည်ရည်မွန် (တ/၂၈၇၃) (ယခု ကျောက်တံခါး မြို့နယ်တရားသူကြီး)မှာ တိမ်းရှောင်နေသဖြင့် အမြန်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပါသည်။

No comments:

Post a Comment