Friday, May 17, 2019

တပ်မတော်၊ ပြည်ခိုင်ဖြိုးပါတီနှင့် မိမိပါတီ လုံးဝမသက်ဆိုင်ဟု သူရဦးရွှေမန်းပြောဆို

မိမိတည်ထောင်ထားသည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသည် တပ်မတော်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီများနှင့် လုံးဝမသက် ဆိုင်ဘဲ သီးခြားလွတ်လပ်သည့် ပါတီဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောဆိုသည်။ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ပုသိမ်ဟိုတယ်တွင် မေ ၁၆ ရက်က ကျင်းပသည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနှင့် ပြည်သူလူထု တွေ့ဆုံပွဲ၌ သတင်းမီဒီယာများ၏မေးမြန်းမှုကို သူရဦးရွှေမန်းက ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။



''ဒီပါတီနဲ့ တပ်မတော်နဲ့ လုံးဝမသက်ဆိုင်ဘူး။ ဒီအတိုင်းပဲ ဒီပါတီနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့ လည်း လုံးဝမသက်ဆိုင်ပါဘူး။ သီးခြားလွတ်လပ်ပြီးတော့နိုင်ငံအတွက်၊ ပြည်သူအတွက် အကျိုးပြုဖို့ တည်ထောင်တဲ့ပါတီသာ ဖြစ်ပါတယ်''ဟုပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောဆိုသည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသည် အခြားမည်သည့်အဖွဲ့အစည်းနှင့်မျှပတ်သက်မှုမရှိဘဲ ကိုယ့်လမ်းစဉ်၊ ကိုယ့်မူ၊ ကိုယ့်ဝါဒဖြင့် နိုးနိုးကြားကြား ကိုယ့်လမ်း ကိုယ်ဖောက်သည့်ပါတီသာဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

''တပ်မတော်အစိုးရလက်ထက် ထိပ်တန်းခေါင်းဆောင်တစ်ဦးအဖြစ် တာဝန်ယူခဲ့သူ တည်ထောင်တဲ့ပါတီဖြစ်တဲ့အတွက် တပ်မတော်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွေ ကျောထောက်နောက်ခံ ရှိနေမလားလို့ မေးမြန်းခဲ့တာပါ''ဟု မေးခွန်းမေးမြန်းခဲ့သည့် ဧရာဝတီသတင်းဌာနမှ အကြီးတန်းသတင်းထောက် ဆလိုင်းသန့်စင်က ပြောဆိုသည်။

သူရဦးရွှေမန်းသည် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ မှတ်ပုံတင်ပြီးနောက်စစ်တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းဖျာပုံမြို့နှင့် မအူပင်မြို့များတွင် ခရိုင်ပါတီရုံးများဖွင့်ခဲ့ပြီး မေ၁၆ ရက်တွင် ပုသိမ်မြို့၌ဧရာတီတိုင်းဒေသကြီးရုံးကို ဆက်လက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment