Friday, May 17, 2019

သတိထား ပေါင်းရမယ့် တရုတ်

မေလ၁၃ ရက်နေ့က တာချီလိတ်မြို့မှာ အွန်လိုင်းဂိမ်း လောင်း ကစားလုပ်ကိုင်ပြီး တရားမဝင်နေ ထိုင်ကြတဲ့ တရုတ်နိုင်ငံသား ၁၈၈ ဦးကို ဖမ်းဆီးလိုက်တဲ့သတင်းကို ဖတ်လိုက်ရတယ်။ သူတို့နဲ့အတူ လက်နက်တွေ၊ မူးယစ်ဆေးဝါးတွေကိုပါ ဖမ်းဆီးမိခဲ့ပြီး ဖမ်းဆီးခံထားရတဲ့ တရုတ်လူမျိုးအများ အပြားကို သတင်းဓာတ်ပုံထဲမှာ တွေ့ရတယ်။ သိရသလောက် တော့ ခုလို တရားမဝင်နေထိုင်ပြီး တရားမဝင် လောင်းကစားလုပ် ငန်းလုပ်ကိုင်နေတဲ့ တရုတ်တွေကို ဖမ်းဆီးခဲ့တာ ဒီတစ်ကြိမ် အရေအ တွက်အများဆုံးပဲ။ ဒီသတင်းဖတ် ရတော့ အံ့အားသင့်မိတယ်။
တာ ချီလိတ်ဆိုတာ မြန်မာနဲ့ ထိုင်းနယ် စပ်မှာ တည်ရှိပြီး တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ကုန်သွယ်မှုနဲ့ ဒုစရိုက်မှုတွေ ထူပြောတဲ့ မြို့တစ်မြို့အဖြစ် ထင်ရှားတယ်။ သိပ်မကြာသေးခင်ကပဲ နေ့ခင်းကြောင်တောင် သေနတ်နဲ့ပစ် သတ်မှု၊ ရွှေဆိုင်လုယက်မှုတွေ ဖြစ်ခဲ့တာလည်း တွေ့ရတယ်။ အံ့အားသင့်မိတာက အရေအတွက်များပြားတဲ့ တရားမဝင်နေ ထိုင်သူ တရုတ်တွေကို ဖမ်းဆီးရမိ တာပဲ။ နယ်စပ်မြို့ဆိုတော့ တရားမဝင်နည်းလမ်းပေါင်းစုံနဲ့ ဝင်လာတာဖြစ်နိုင်တယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေက နည်းမျိုးစုံနဲ့လာဘ်စားပြီး မသိကျိုးကျွန်ပြု ထားတာလည်း ဖြစ်နိုင်တယ်။ ပြီးတော့ သူတို့တစ်တွေ လုပ်ကိုင်နေ ကြတာက အွန်လိုင်းဂိမ်း လောင်း ကစားလုပ်ငန်း။ ပြီးတော့ လက် နက်တွေ၊ မူးယစ်ဆေးဝါးတွေ။ ဒီဖြစ်ရပ်ဟာ နမူနာသေး သေးကလေးတစ်ခုမျှပဲ ဖြစ်ပါလိမ့် မယ်။ နယ်စပ်မြို့တွေမှာ တရား မဝင်ရောက်ရှိနေထိုင်ပြီး တရား မဝင်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့  တရုတ်နိုင်ငံသားအရေအတွက် ဘယ်လောက်အထိ ရှိနေပြီလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ နယ်စပ်မြို့ကို အသာထားလို့ ရန်ကုန်လို၊ မန္တလေးလို မြို့ကြီး တွေမှာကော ဘယ်လောက်အထိ ရှိနေပြီလဲဆိုတာ မသိနိုင်ပါဘူး။ ထူးခြားမှုတစ်ခုက မြန်မာနိုင်ငံထဲ  ဝင်လာတဲ့ တရုတ်တွေဟာ တရားဝင်စီးပွားရေးလုပ်ငန်းတွေထက်  တရားမဝင် စီးပွားရေးလုပ်ငန်း တွေကို လုပ်ကိုင်နေကြတာပါ။ ဒီအထဲမှာ မူးယစ်ဆေးဝါး၊ လောင်း ကစားတွေ အဓိကပါဝင်တယ်။ တရုတ်နိုင်ငံဟာ သူ့နိုင်ငံတွင်းမှာ  လောင်းကစားလုပ်ငန်းကို တရား ဝင် ခွင့်ပြုထားတာ မရှိပေမယ့် လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ စတဲ့ အိမ်နီးချင်းနိုင်ငံတွေမှာတော့  ကာစီနိုလောင်းကစားရုံကြီးတွေ ထူထောင်လုပ်ကိုင်နေတာ တွေ့ရ တယ်။ အဓိကဖောက်သည်တွေ ကလည်း တရုတ်တွေပဲ။ တရုတ်ရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနဲ့အတူ ဒေသတွင်း စီးပွားရေးချဲ့ထွင်မှုနဲ့ သြဇာလွှမ်းမိုးလာတာက စိုးရိမ်စရာအနေအထားပါ။ တရုတ်ခေါင်းဆောင်ပိုင်း က BRI လို အနာဂတ် စီးပွားရေး မဟာဗျူဟာနဲ့ အာရှ၊ အာဖရိက၊ဥရောပအထိ တရုတ်သြဇာဖြန့် ကြက်ဖို့ ကြိုးစားနေချိန်မှာပဲ အာ ဆီယံဒေသတွင်းက တရုတ်ရဲ့ အိမ်နီးချင်းနိုင်ငံတွေဟာ တရုတ် စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ လွှမ်းမိုးခြိမ်းခြောက်မှုနဲ့ ရင်ဆိုင် နေရပါပြီ။  တရုတ်ရဲ့ BRI စက်ဝန်းထဲမှာ ပါဝင်နေတဲ့ လာအိုနိုင်ငံမှာမီးရထားလမ်း၊ ရေအားလျှပ်စစ် စီမံကိန်းတွေကို တရုတ်ရဲ့ အရင်း အနှီးနဲ့ တည်ဆောက်နေချိန်မှာပဲ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေ က လာအိုဘက်ခြမ်း ရွှေတြိဂံမှာ ကာစီနိုနဲ့ ဟိုတယ်လုပ်ငန်းကြီး တွေ အကောင်အထည်ဖော်ထား ပါပြီ။ ကမ္ဘောဒီးယားရဲ့ ပင်လယ်ကမ်းခြေမြို့ ဆီဟာနူဗီးလ်ဟာ လည်း တရုတ်လုပ်ငန်းရှင်တွေရဲ့ ကာစီနိုရုံဖွင့်လှစ်ပြီး  နောက်ပိုင်း  လောင်းကစားလုပ်ဖို့  ရောက်လာကြတဲ့ တရုတ်တွေနဲ့ စည်ကားနေသလို အိမ်ခြံမြေအများအပြားကို လည်း တရုတ်တွေက မတန်တဆဈေးပေးပြီး ဝယ်ယူပိုင်ဆိုင်ထား ကြတယ်။ အရင်က ကျောပိုးအိတ်ဥရောပကမ္ဘာလှည့်ခရီးသည်တွေလာလေ့ရှိတဲ့ အဲဒီဒေသဟာ အခုတော့ တရုတ်ခရီးသွားတွေနဲ့ပဲ ပြည့်နေတယ်လို့ဆိုတယ်။ တရုတ်ခရီးသည်တွေက တရုတ်တွေဖွင့် ထားတဲ့ ဟိုတယ်မှာတည်းပြီး တရုတ်စားသောက်ဆိုင်တွေမှာပဲ စားကြလို့ ဒေသခံတွေ နစ်နာနေ ကြရတယ်လို့ဆိုတယ်။


လာအိုနဲ့ ကမ္ဘောဒီးယားကို အလွယ်တကူ ဝင်လို့ရနေတဲ့ တရုတ်တွေဟာ မြန်မာနိုင်ငံထဲကို လည်း နည်းလမ်းပေါင်းစုံနဲ့ ဝင်ဖို့ကြိုးစားနေကြတယ်။ တစ်လော တုန်းက ဖတ်လိုက်ရတဲ့ သတင်း တစ်ပုဒ်မှာ ကရင်ပြည်နယ်နဲ့ ထိုင်းနယ်စပ်မှာ တရုတ်တွေက ‘ရွှေကုက္ကိုမြို့သစ်’ တည်ဆောက်နေ တယ်ဆိုတာ သိလိုက်ရတယ်။ ငြိမ်းချမ်းရေးရယူထားတဲ့ ကရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ရဲ့ နယ်မြေထဲမှာ အ ဆောက်အအုံသစ်တွေနဲ့ မြို့သစ်တစ်ခုကို တွေ့ရတော့ အံ့သြမိ တယ်။ ဘယ်အချိန်ကစပြီး အ ကောင်အထည်ဖော်လိုက်သလဲ မသိ။ ဒီမြို့မှာလည်း တရုတ်တွေ က ကာစီနိုရုံတွေ လာဖွင့်မယ်လို့ ကြားနေရတယ်။

တရုတ်တွေရဲ့ ဒေသတွင်းလွှမ်းမိုးလာမှုဟာ ဒီဘက်နှစ်အ တွင်း ပိုသိသာလာတယ်။ တာချီလိတ်မှာ ဖမ်းဆီးမိတဲ့ တရားမဝင် တရုတ်နိုင်ငံသားတွေလိုပဲ ဖိလစ် ပိုင်နိုင်ငံမှာလည်း သိန်းနဲ့ချီတဲ့ တရားမဝင် တရုတ်လူမျိုးတွေရှိ နေတယ်လို့ သတင်းတစ်ပုဒ်မှာ ဖတ်လိုက်ရတယ်။ တရုတ်တွေကဖိလစ်ပိုင်မြေမှာ ခြေချစီးပွားရှာရုံတင်မက ခွဲခြားဆက်ဆံမှုတွေကို ပါ သိသိသာသာပြုလုပ်လာတဲ့အ  တွက် ဖိလစ်ပိုင်လွှတ်တော်မှာ  မေးခွန်းထုတ်ရတဲ့အထိ ဖြစ်လာ တယ်လို့ဆိုတယ်။ တရုတ်တွေကို လုပ်ပိုင်ခွင့်ပေးထားတဲ့ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ် ငန်းတွေမှာ တရုတ်တွေက ဖိလစ်ပိုင်တွေကို အလုပ်မခန့်ဘဲ တရုတ် တွေကိုသာ ခန့်တဲ့ကိစ္စအပြင် သိပ် မကြာသေးခင်က ပေါ်လာတဲ့ China Food City လို့ခေါ်တဲ့ စား သောက်ဆိုင်လုပ်ငန်းတစ်ခုမှာ ဒေသခံ ဖိလစ်ပိုင်နိုင်ငံသားတွေ ကို ဝင်ခွင့်မပြုတာတွေအထိ ဖြစ် လာတဲ့အခါ ဖိလစ်ပိုင်လူမျိုးတွေ ဒေါသပေါက်ကွဲခဲ့ကြတယ်။ အဲဒီChina Food City က စားသောက်ဆိုင်တွေမှာ ဆိုင်းဘုတ်တွေ၊ မီနူးတွေကအစ တရုတ်စာနဲ့ပဲ ရေးထားတယ်။ တရုတ်လူမျိုးတွေအ တွက် သီးသန့်ဖွင့်ထားတာဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံသားတွေ ဝင်ခွင့်မရှိ ဘူးလို့ဆိုတယ်။ ကိုယ့်နိုင်ငံ၊ ကိုယ့်တိုင်းပြည်ထဲလာပြီး ခွဲခြားခံရလို့ဖိလစ်ပိုင်တွေ ဒေါသပေါက်ကွဲနေကြတယ်။  တရုတ်နိုင်ငံသားတွေ ဟာ မနီလာလို မြို့ကြီးတွေကို ကမ္ဘာလှည့်ခရီးသည် ဗီဇာနဲ့ ရောက်လာပြီး အွန်လိုင်းလောင်း ကစားလုပ်ငန်းတွေ လုပ်ကိုင်ကြ တယ်လို့ဆိုတယ်။ သူတို့ဟာ ယာယီအလုပ်လုပ်ခွင့်လက်မှတ်ရရှိပြီးတဲ့နောက်ပိုင်း တရားမဝင် ဆက်ပြီး နေထိုင်ကြတယ်လို့ဆို တယ်။ အဲဒီလို ရောက်ရှိနေတဲ့ တရုတ်လူမျိုးအရေအတွက်ဟာ ၄၀၀,၀၀၀ လောက်ရှိတယ်လို့ သိရတယ်။ တရုတ်တွေက မင်ဒါနာအိုမှာ ဆိပ်ကမ်း၊ သံမဏိစက် ရုံနဲ့ စက်မှုဇုန်စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်နေတယ်။ အဲဒီစီမံကိန်းအတွက် အလုပ်အ ကိုင် ၅၀၀,၀၀၀ ဖန်တီးပေးမယ်လို့ ဆိုတယ်။ ဒါပေမဲ့ ဒီအလုပ်အကိုင် ၅၀၀,၀၀၀ ကို ဖိလစ်ပိုင်လူမျိုးတွေက ရရှိဖို့  ဘယ်လောက်အာမခံချက်ရှိမလဲ မသိရဘူးလို့ဆိုတယ်။ သေချာတာက ဖိလစ်ပိုင်မှာတရုတ်တွေရဲ့ လွှမ်းမိုးလာမှုဟာ ဒေသခံဖိလစ်ပိုင်နိုင်ငံသားတွေကိုတောင် ခြိမ်းခြောက်လာနေပြီဆိုတာပဲ။

ဖိလစ်ပိုင်နိုင်ငံထဲကို တရားမဝင် ဝင်ရောက်နေတဲ့ တရုတ်လူမျိုးတွေ အမြောက်အမြားရှိသလို ပဲ မြန်မာနိုင်ငံထဲကိုလည်း တရုတ် လူမျိုးတွေ  ဘယ်လောက်ထိ ရောက်နေပြီဆိုတာ မသိနိုင်ပါ ဘူး။ BRI နဲ့အတူ တရုတ်ရဲ့ ဒေသတွင်းလွှမ်းမိုးလာမှုက စိုးရိမ်စရာတစ်ခုပါ။ အိမ်နီးချင်းကို ရွေး ချယ်ခွင့်မရှိလို့ အဆင်ပြေအောင် ပေါင်းသင်းဖို့ လိုအပ်ပေမယ့် တရုတ်နဲ့ ပူးပေါင်းလုပ်မယ့် စီမံကိန်းတွေကိုတော့ သတိကြီးကြီး ထားပြီးလုပ်ဖို့ လိုပါလိမ့်မယ်။

ဧပြီလကုန်ပိုင်းက တရုတ်ပြည်ကို ဒေါ်အောင်ဆန်းစုကြည် သွားတော့ တရုတ်အစိုးရနဲ့ မိတ်ဝတ်မပျက် ဆက်ဆံရေးထူထောင် ခဲ့ပြီး မြန်မာနိုင်ငံနဲ့ကိုက်ညီမယ့် စာချုပ်တစ်ခုနဲ့ နားလည်မှု စာချွန်လွှာနှစ်ခု လက်မှတ်ရေးထိုးခဲ့ တယ်။ တရုတ်က မြန်မာနိုင်ငံဖွံ့ဖြိုးရေး နဲ့ ငြိမ်းချမ်းရေးအတွက် ယွမ်သန်း ၁,၀၀၀ အကူအညီပေး မယ်လို့ ကတိပြုခဲ့တယ်။ ကမ္ဘာမှာအကြွေးထောင်ချောက် (Debt Trapped) ဆင်သူအဖြစ် နာမည်ကြီးနေတဲ့ တရုတ်နဲ့က မပေါင်းလို့လည်း မဖြစ်တဲ့ အခြေအနေမှာကိုယ့်ဘက်က သတိကြီးကြီးထား ဖို့တော့ လိုတဲ့အကြောင်းပါ။   

No comments:

Post a Comment