Friday, May 17, 2019

ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယကာကွယ်ရေးအတွင်းဝန် နယ်စပ်လုံခြုံရေးကိစ္စ ဆွေးနွေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေးနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တယ်လို့ အတိုင်ပင်ခံရုံးက ထုတ်ပြန်ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဆန်ဂျေးမီထရာနဲ့ အဖွဲ့အား မေ ၁၆ ရက် မွန်းလွဲပိုင်းက နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ တွေ့ဆုံခဲ့တာပါ။


တွေ့ဆုံပွဲမှာ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရေး၊ နယ်စပ်ဒေသ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေး၊ မြန်မာတပ်မတော်သားတွေကို စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းတွေ ပို့ချမှုကိစ္စရပ်တွေနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးမှာ နှစ်နိုင်ငံ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး အပါအဝင် နှစ်နိုင်ငံရေးရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

တွေ့ဆုံပွဲကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

No comments:

Post a Comment