Friday, May 17, 2019

ဝတ်ပြုဆောင်တွေ ပိတ်ပေးဖို့ ဖိအားပေးတောင်းဆိုတဲ့ကိစ္စ အရေးယူထားတာမရှိကြောင်း မြို့မစခန်းမှူးပြော

ရန်ကုန်တိုင်း ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်အတွင်း အစ္စလာမ်ဘာသာဝင်တွေရဲ့ ၀တ်ပြုဆောင် ၃ခုကို ပိတ်ပေးဖို့ မနေ့ညက အုပ်စုဝိုင်းဖွဲ့ပြီး ခြိမ်းခြောက်ဖိအားပေး တောင်းဆိုခဲ့တဲ့ဖြစ်ရပ်နဲ့ ပတ်သက်လို့ ဦးဆောင်ပါဝင်ခဲ့သူတွေ ထဲက တစ်စုံတစ်ယောက်ကို အရေးယူထားတာမရှိကြောင်း တောင်ဒဂုံမြို့နယ် မြို့မစခန်းမှူး ဦးစိုးဝင်းက RFA ကို ဒီနေ့ ပြောပါတယ်။



မနေ့ညက ပိတ်ခဲ့တဲ့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၁၀၆ ရပ်ကွက်က အစ္စလာမ်ဘာသာဝင် ဝတ်ပြုဆောင်ကို မြို့မစခန်းမှူး ဦးစိုးဝင်း ဒီနေ့ ညနေမှာ ရောက်ရှိခဲ့ပြီး လုံခြုံရေး အခြေအနေ ကောင်းမွန်နေပြီဖြစ်ကြောင်း၊ မနေ့ညကလို အခြေအနေ ဖြစ်မှာမဟုတ်တော့ကြောင်း၊ ဆက်လက်ပြီး ဘာမှစိုးရိမ်စရာမရှိကြောင်းလည်း ပြောခဲ့ပါတယ်။

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အမှတ် ၂၆ ရပ်ကွက်နဲ့ ၁၀၆ ရပ်ကွက်မှာ မနေ့ညက လူအင်အား ၂၀၀ လောက်က ရပ်ကွက်အတွင်းက အစ္စလာမ်ဘာသာဝင်တွေ ၀တ်ပြုရာအဆောက်အအုံတစ်ခုကို ၀တ်ပြုခွင့် ပိတ်ပင်ဖို့ တောင်းဆိုခဲ့ကြတာပါ။

မြို့နယ်အတွင်း အစ္စလာမ်ဘာသာဝင်တွေ ၀တ်ပြုဆုတောင်းဖို့ တိုင်းအစိုးရအဖွဲ့က နေရာ ၃ခုကို မေ ၆ရက်နေ့ကနေ ဇွန် ၇ရက်နေ့အထိ တရားဝင်ခွင့်ပြုပေးထားတာဖြစ်ပါတယ်။

အဲဒီအဆောက်အအုံ ၃ခုကို ပိတ်ပေးဖို့ အမည်မသိ လူအုပ်စုတစ်စုက မနေ့ညက ဥပဒေမဲ့ခြိမ်းခြောက်တောင်းဆို ခဲ့တာကြောင့် ၀တ်ပြုဆောင်တာဝန်ခံတွေက အစ္စလာမ်ဘာသာဝင်တွေကို ၀တ်ပြုခွင့်မပြုတော့ကြောင်း လက်မှတ်ရေးထိုးပေးလိုက်ရတယ်လို့ သိရပါတယ်။

No comments:

Post a Comment