Friday, May 17, 2019

ပါကစ္စတန်မှာ ဆရာဝန်ကြောင့် လူ ၅ဝဝ HIV ဗိုင်းရပ်စ်ပိုးကူးစက်

ပါကစ္စတန်နိုင်ငံတောင်ပိုင်းရှိ Larkana လာကာနာခရိုင်က ကလေးတွေ အများစုပါဝင်တဲ့ လူ၅ဝဝ ခန့်မှာ HIV ဗိုင်းရပ်စ်ပိုးတွေ လပိုင်းအတွင်း ထူးထူးခြားခြား တွေ့ရှိရတဲ့အတွက် AIDS ရောဂါရှိသူ ဒေသခံ ဆရာဝန်တဦးကို သက်ဆိုင်ရာက ဖမ်းဆီး စစ်ဆေး နေပါတယ်။ အဲဒီ ဆရာဝန်ဟာ လူတွေကို ဗိုင်းရပ်စ်ပိုးကူးစက်အောင် တမင်ရည်ရွယ်လုပ်ဆောင်ခဲ့တာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။



HIV ဗိုင်းရပ်စ်ပိုးတွေ့ရှိရသူတွေထဲမှာ ၄၁ဝ ဦးက ကလေးတွေဖြစ်ပြီး ၁ဝဝ ခန့်က လူကြီးတွေပါ။ ပိုးကူးစက်ခံရသူ Ali Raza အလီ ရာဇာ ဆိုသူ ၁ဝ နှစ်သားကလေးတဦးရဲ့မိခင်က သူတို့မိသားစုဝင်အားလုံး သွေးစစ်ကြည့်ခဲ့ကြရာမှာ သူ့သားငယ် တဦးတည်းထံမှာပဲ ဒီ ဗိုင်းရပ်စ်ပိုးကိုတွေ့ရှိခဲ့တဲ့အတွက် ညစဉ်ညတိုင်း အိမ်မပျော်တော့ပဲ ယူကြုံးမရ ဖြစ်နေရတယ်လို့ ပြောပါတယ်။

AIDS ရောဂါရှိပြီး လက်ရှိဖမ်းဆီးထားတဲ့ အဲဒီ Muzaffar Ghangharo မူဇာဖါ ဂန်ဂရိုး ဆိုသူ ဆရာဝန်က လူနာတွေကို ဧပြီလမှာ စတင် ကုသပေးခဲ့ပြီးနောက်ပိုင်း အခုလို ကူးစက်မှုတွေ ဖြစ်ပွါးခဲ့တာကို တွေ့ရှိရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ပါကစ္စတန်မှာ HIV ပိုးကူးစက်ခံရသူတွေဟာ ယေဘူယျအားဖြင့် မသန့်ရှင်းတဲ့ ဆေးထိုးအပ်တွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

No comments:

Post a Comment