Friday, May 17, 2019

ပညာရေးဝန်ထမ်းများ အဂတိလိုက်စားပါက လုံးဝသည်းခံမည်မဟုတ်ဟု ညွှန်ချုပ်ဆို

ပညာရေးဝန်ထမ်းများ အဂတိလိုက်စားမှုရှိပါက တိုင်ကြားနိုင်ပြီး အဂတိ လိုက်စားမှုနှင့်ပတ်သက်၍ လုံးဝသည်းခံမည်မဟုတ်ကြောင်း အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောဆိုသည်။ ''ပေးရကမ်းရတာရှိရင် အချိန်မရွေး တိုင်၊ ဒီနေ့ရှိရင် မနက်ဖြန်သွားပြီး တော့ DE တို့၊ ဘာတို့စစ်ပြီးတော့ တစ်ခါတည်း သူတို့ကို အရေးယူတာ။ နောက် အခုနောက်ပိုင်းအပေးအကမ်းတွေဆိုပြည်သူ့ရဲတပ်ဖွဲ့၊ ပြည်ထဲရေးအထိ အပ်ပြီးတော့ ဆရာတို့ကအဂတိအထိအပ်မှာ။ ပေးရကမ်းရတဲ့သူရှိရင်အချိန်မရွေးပြော။အချိန်မရွေးတိုင်လို့ရတယ်။ လူသာ တိကျပါစေ။ အဂတိနဲ့ပတ်သက်ပြီး လုံးဝသည်းမခံဘူး။ Zero Dollar ပဲ''ဟု ၎င်းကပြောဆိုသည်။



လက်ရှိတွင် လာရောက်တိုင်ကြားထားသည့် ဖြစ်စဉ် တစ်ခုရှိပြီး ယင်းကိစ္စကို ပြည်ထဲရေးသို့ လွှဲပြောင်းထားကြောင်းဦးကိုလေးဝင်းက ပြောဆိုသည်။

''လာတိုင်တာတစ်ခုရှိတယ်။ Case တစ်ခုဆိုရင်ပြည်ထဲရေးကိုလွှဲထားတယ်။အဲဒီလိုမျိုးပေါ့။ဆရာခန့်ပေးမယ်၊စာရေးခန့် ပေးမယ်ဆိုပြီး ပိုက်ဆံယူပြီးတော့ ခန့်လည်းခန့်မပေးဘူး။ လုပ်လည်း လုပ်မပေးဘူး။ အဲဒီလိုလူမျိုးတွေက ဆရာ၊ဆရာမတွေထဲကဆိုရင် လုပ်ထုံးလုပ်နည်းအရ အရေးယူတယ်။ တချို့အပြင်ကလူဆိုရင် အဂတိနဲ့တရားစွဲမယ်''ဟု ဦးကိုလေးဝင်းက ပြောဆိုသည်။

သို့ရာတွင် အဆိုပါတိုင်းကြားမှုဖြစ်စဉ်သည် မည်သည့်တိုင်းဒေသကြီး၊ ပြည်နယ်မှ ဖြစ်သည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။

''သူ့ဟာသူ သူ့သဘောနဲ့သွားပေးနေတာတော့ ကျွန်တော်တို့မသိဘူး။ ၀န်ထမ်းရေးရာလုပ်နေတဲ့ သူတွေကတော့ ဒီလိုရာထူးနဲ့ရဖို့အတွက် ပိုက်ဆံယူပြီးလုပ်ရဲတဲ့သူ တော်တော်ရှားတယ်''ဟု အခြေခံပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဦးရဲလင်းမြင့်က ပြောဆိုသည်။

နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနရုံးတွင် မေ ၁၅ ရက် မွန်းလွဲပိုင်းက ပညာရေးဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ပြုလုပ်ခဲ့သည့် နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက်တတိယတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲအပြီး မီဒီယာများ၏မေးမြန်းမှုကို ၎င်းက ယင်းကဲ့သို့ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

1 comment: