Saturday, July 6, 2019

ရခိုင်ပြည်နယ်ရှိ ၉ မြို့နယ်တွင် အင်တာနက်လိုင်းများပြန်ဖွင့်ပေးမည့်အချိန် အတိအကျမပြောနိုင်သေးဟု ဦးဇော်ဌေးပြော

ရခိုင်ပြည်နယ်မှ မြို့နယ်(၉)မြို့နယ်ကိုအင်တာနက်လိုင်းဖြတ်တောက်ထားခြင်းနှင့်ပတ်သက်၍ ပြန်ဖွင့်ပေးမည့်အချိန်ကို အတိအကျမပြောနိုင်သေးကြောင်း နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။ နေပြည်တော်ရှိနိုင်ငံတော်သမ္မတအိမ်တော်တွင် ဇူလိုင်လ(၅)ရက်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်းပြောခြင်းဖြစ်သည်။



“အင်တာနက်လိုင်းတွေဖြတ်တောက်တာက ယာယီလုပ်ထားတာပါ။ အခြေအနေတစ်ခုကို ကျွန်တော်တို့ စောင့်ကြည့်နေတာဖြစ်တယ်။ အခြေအနေတွေအာလုံးကောင်းသွားရင် ပြန်ဖွင့်ပေးမှာပါ။ နောက်ပြီး ရက်အကန့်အသတ်နဲ့ ဖြတ်တောက်တာလည်းမဟုတ်ပါဘူး။ ဘယ်အချိန်မှာပြန်ဖွင့်ပေးမလဲဆိုတာတော့ အချိန်အတိအကျပြောလို့မရသေးပါဘူး။ အခြေအနေအရပ်ရပ် တည်တည်ငြိမ်ငြိမ်ဖြစ်သွားရင် အစိုးရအနေနဲ့ ပြန်ပြီးဖွင့်ပေးမှာပါ”ဟုနိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးက ပြောသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်(၉)မြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နောက်ပိုင်းမှစတင်ကာ အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။  ရခိုင်ပြည်နယ်တွင် လက်ရှိအချိန်ထိ AA လက်နက်ကိုင်အဖွဲ့နှင့် တပ်မတော်အကြားတိုက်ပွဲများ ဖြစ်ပွားနေကာ စစ်ဘေးရှောင်ဒုက္ခသည်အရေအတွက်မှာလည်း လေးသောင်းကျော်ရှိပြီဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment