Saturday, July 6, 2019

မိုင်းလားငြိမ်းချမ်းရေးပွဲတော် ထူးခြားချက်သုံးချက်

အဖြူရောင် ကျောက်တိုင်ထိပ်တွင် ပျံသန်းနေသဖွယ် ချိုး ဖြူငှက်ရုပ်တုကို ထင်ရှားစွာ မြင် တွေ့ရသည်။ ငြိမ်းချမ်းရေးအထိမ်းအမှတ် ကျောက်တိုင်အနီးရှိ ကွင်းပြင်ကျယ်တွင်မူ အရောင်အ သွေးစုံဝတ်ဆင်ထားသည့် ထောင် ချီသောလူများက တစ်စုံတစ်ရာကို စောင့်မျှော်နေကြသည်။  ‘အလံကိုင်တပ်ဖွဲ့’ ချီတက်လာကြောင်း အမျိုးသမီးတစ်ဦးက မြန်မာစကားပီသစွာဖြင့် အခမ်းအနားစတင်ပြီဟု မိတ်ဆက်သည်။   စစ်စိမ်းရောင်ဝတ်စုံ ၀တ်ဆင်ထားသူ ၄၅ ဦး ကိုင်ဆောင်ထားသည့် အလံများမှာ မြန်မာနိုင်ငံအလံ၊ ရှမ်းပြည်နယ်အလံ နှင့် မိုင်းလားလက်နက်ကိုင်အဖွဲ့ဟု ခေါ်ဆိုသော ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ(၄)အလံ  တို့ဖြစ်သည်။



အလံကိုင်တပ်ဖွဲ့၏ရှေ့တွင် ‘နိုင်ငံတော်၏ ဦးဆောင်မှုအောက် တွင် ငြိမ်းချမ်း၊ စည်းလုံး၊ ဖွံ့ဖြိုးလမ်းစဉ်အတိုင်း လျှောက်လှမ်း သွားမည်’ဟူသည့်စာသား ထင်ရှားစွာ ရေးသားထားသော ဆိုင်း ဘုတ်ကို ရှမ်း၊ အခါ၊ လွယ်၊ ကိုး ကန့် အပါအ၀င် တိုင်းရင်းသားမျိုးနွယ် ၁၃ မျိုး၏ ၀တ်စုံဝတ်ဆင် ထားသူများက ကိုင်ဆောင်ထား သည်ကို တွေ့ရသည်။

မိုင်းလားလက်နက်ကိုင်အ ဖွဲ့(NDAA)က ဇွန်လ ၃၀ ရက်တွင် ကျင်းပခဲ့သည့် ငြိမ်းချမ်းရေး နှစ်(၃၀)ပြည့်  အထိမ်းအမှတ် အ ခမ်းအနားဖြစ်သည်။

ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)မှ ခွဲထွက်ပြီး ၁၉၈၉ ဇွန်လတွင် အစိုးရနှင့် ငြိမ်းချမ်းရေးရယူခဲ့သည့် အထိမ်းအမှတ်အဖြစ် ငြိမ်းချမ်းရေး နှစ်(၃၀)ပြည့် ပွဲ တော်ကို မိုင်းလားလက်နက်ကိုင် အဖွဲ့(NDAA)က ကျင်းပခြင်းဖြစ် သည်။
 ‘၀’လက်နက်ကိုင်အဖွဲ့ (UWSA)က ၁၉၈၉ ဧပြီ ၁၇ ရက် တွင် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)မှ ခွဲထွက်ခဲ့ကာ အစိုးရ နှင့် အပစ်ရပ်စဲရေးဆောင်ရွက်ခဲ့ ခြင်းကို အကြောင်းပြုပြီး ငြိမ်းချမ်း ရေးပွဲတော်ကို ကျင်းပခဲ့သည်။ ထို့နောက် နှစ်လကျော်အကြာ တွင် မဟာမိတ် မိုင်းလားအဖွဲ့ (NDAA)ကလည်း အစိုးရနှင့် ငြိမ်း ချမ်းရေးရယူခဲ့မှု နှစ်(၃၀)ပြည့်အထိမ်းအမှတ်အဖြစ် ပွဲတော်ကို ကျင်းပခြင်းဖြစ်သည်။

ယင်းပွဲတော်တွင် လက်နက် တပ်ဆင်ထားသည့် တပ်ဖွဲ့ဝင်အင်အား တစ်ထောင့်ငါးရာခန့် အပါအ၀င် ဒေသတွင်း တိုင်းရင်း သားပြည်သူ စုစုပေါင်းအင်အား တစ်သောင်းခန့်ဖြင့် မိုင်းလားတပ်ဖွဲ့နှင့် မိုင်းလားဒေသ လူထုချီတက်မှုအစီအစဉ်ကို ကျင်းပခဲ့သည်။

ထို့အပြင် မိုင်းလားအဖွဲ့ စီမံခန့်ခွဲသည့် လုံခြုံရေး၊ ပညာရေး၊ လယ်ယာစိုက်ပျိုးရေး၊ စီးပွားရေး၊ လျှပ်စစ် စသည့် ဌာနအသီးသီး၏ အလှပြယာဉ်များလည်း  ပရိသတ်များကို ပြသခဲ့သည်။

မိုင်းလားလက်နက်ကိုင်အဖွဲ့ (NDAA)၏ နှစ်(၃၀)ပြည့် ပွဲ တော်တွင် အခမ်းအနားကျင်းပမှု အခင်းအကျင်း၊ ဒေသဖွံ့ဖြိုးတိုး တက်မှုအခြေအနေများနှင့်  မိုင်း လားအဖွဲ့ခေါင်းဆောင် ဦးစိုင်း လင်းက ၎င်းတို့အဖွဲ့ NCA တွင် ပါဝင်ပြီး ငြိမ်းချမ်းရေးအာမခံချက်ရရှိအောင် ဆောင်ရွက်မည်ဟု ပထမဆုံးအကြိမ် ထုတ်ဖော်ပြောကြားချက်များက နှစ်(၃၀)ပြည့်ပွဲ၏ ထူးခြားချက်ဟု ဆိုနိုင်သည်။

မိုင်းလားအဖွဲ့၏ နှစ်(၃၀)ပြည့်ပွဲတော်အခင်းအကျင်း

မကြာသေးမီက ‘၀’လက် နက်ကိုင်အဖွဲ့(UWSA)က ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေး နှစ်(၃၀) ပြည့်ပွဲနှင့် မတူညီသည့် ထူးခြား ချက်အချို့ မိုင်းလားပွဲတွင် တွေ့ရ သည်။ ဧပြီလလယ်က ကျင်းပခဲ့ သော ပန်ဆန်းပွဲတွင် UWSA က လေယာဉ်ပစ်အမြောက်များအပါ အ၀င် လက်နက်ကြီး၊ လက်နက် ငယ်များကို ထောင်ချီသည့် တပ်ဖွဲ့ဝင်အင်အားများစွာဖြင့် ပြသခဲ့ ရာ တပ်မတော်ကပင် သတိပေးမှု ပြုလုပ်ခဲ့သည်။

‘၀’နှင့် မိုင်းလားသည် နှစ်(၃၀)ပြည့်ပွဲ လုပ်ဆောင်မှုချင်း တူညီသော်လည်း ‘၀’၏ ပွဲတော်သို့ တပ်မတော်က ကိုယ်စားလှယ် စေလွှတ်မှု မရှိခဲ့ပေ။ ယခု မိုင်းလားလက်နက်ကိုင်အဖွဲ့ ကျင်းပသည့် နှစ်(၃၀)ပြည့်ပွဲကိုမူ တပ်မ တော်က ကိုယ်စားလှယ်စေလွှတ်ခဲ့သည်ဟု တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက  ပြောသည်။

မိုင်းလားပွဲသို့ တက်ရောက်ခဲ့သည့် ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်သည့်အဖွဲ့တွင် ပါဝင်သော ကော် မရှင်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး (ငြိမ်း)သည် တပ်မတော်ကိုယ်စားလှယ် ဖြစ် သည်ဟု ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းကဆိုသည်။ ထို့အပြင် မိုင်းလားပွဲသို့ တပ်မတော်အရာရှိ အချို့လည်း တက်ရောက်ခဲ့သည်။ 

ယင်းသို့ကွဲပြားမှုကို  တပ်မ တော်ပြောရေးဆိုခွင့်ရှိသူက သီး ခြားရှင်းပြခြင်း မရှိသော်လည်း တပ်မတော်အနေဖြင့် မိုင်းလားအ ဖွဲ့နှင့် ဆက်ဆံရေးပိုမိုကောင်းမွန် သည်ဆိုခြင်းကို မြင်သာစေသည်။ 

မိုင်းလားက ကျင်းပသည့် ငြိမ်းချမ်းရေး နှစ်(၃၀)ပြည့်ပွဲတွင် ၎င်းတို့အဖွဲ့သည် နိုင်ငံတော်အစိုး ရ၏  ဦးဆောင်မှုအောက်တွင်ရှိ ကြောင်း၊  နိုင်ငံတော်အချုပ်အ ခြာအာဏာကို ကာကွယ်စောင့် ရှောက်ကြောင်း ပုံစံမျိုးစုံဖြင့် ဖော် ပြပြောဆိုသည်။

နှစ်(၃၀)ပြည့်ပွဲတွင် လူထုချီ တက်ပွဲ ကျင်းပရာ၌ပင် မိုင်းလား ဒေသသို့ ရောက်ရှိနေသည့် အစိုး ရ၏ နယ်စပ်ဒေသတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပညာရေးဝန်ထမ်းများ ကိုယ်စားလှယ်အဖွဲ့ကို ပထမဆုံး ချီတက်စေခဲ့သည်။

‘‘နိုင်ငံတော်အလံကို တင် တယ်။ နိုင်ငံတော်သီချင်းတွေဆို တယ်။ ဒါကို ကြည့်လိုက်မယ်ဆို ရင် သူတို့ရဲ့သဘောထားက လုံးဝ မခွဲထွက်ရေးကို ခိုင်ခိုင်မာမာနဲ့ရပ်တည်တယ်။ အဲဒါကို တွေ့ရတယ်’’ဟု ယင်းပွဲတော်သို့ သွားရောက်ခဲ့သည့် အစိုးရကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သော ငြိမ်းချမ်းရေးကော်မရှင် အကြံပေး ဒေါက်တာမင်းဇော်ဦးက ပြော သည်။

မိုင်းလားအဖွဲ့က ၎င်းတို့၏ လက်နက်ကိုင်တပ်ကိုပင် အခြား တိုင်းရင်းသား အဖွဲ့များကဲ့သို့  တပ်မတော်ဟု သုံးနှုန်းခြင်းမပြုဘဲ  တပ်ဖွဲ့၊ လုံခြုံရေးတပ်ဖွဲ့ဟူ၍သာ အခမ်းအနား၌ သုံးနှုန်းခဲ့သည်။


မိုင်းလားအဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်း (ဓာတ်ပုံ - လင်းဘိုဘို/အီးပီအေ)

ဘာကြောင့် မိုင်းလား ဖွံ့ဖြိုးတိုးတက်နေလဲ

မိုင်းလား၊ ဆီလူး၊ နမ့်ပန်း ဒေသသုံးခုကို စုစည်းတည် ထောင်ထားပြီး အထူးဒေသ (၄) ဟု ခေါ်ဆိုသော မိုင်းလားဒေသ တွင် ရှမ်း၊ အခါ၊ လွယ်၊ ကိုးကန့်၊ လားဟူ၊ မြောင်၊ အာခေး၊ ၀၊ ဖိန်း၊ ကချင်၊ ဗမာ၊ ကရင်၊ ကယားတိုင်းရင်းသား ၁၃ မျိုး နေ ထိုင်ပြီး စုစုပေါင်းလူဦးရေ တစ် သိန်းတစ်သောင်းခန့်ရှိသည်။

တရုတ်စာ၊ တရုတ်စကား အဓိကပြောဆိုအသုံးပြုပြီး တရုတ်ငွေကြေးကိုသာ သုံးစွဲကြသည်။

မိုင်းလားမှာ လက်နက်ကိုင် အဖွဲ့တစ်ခု၏ နယ်မြေဟုဆိုသော် လည်း  အထပ်မြင့် အဆောက် အအုံများစွာ တည်ဆောက်ထား နိုင်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း၊ လျှပ်စစ်မီးလို အပ်ချက်ကို လုံလောက်စွာ ဖြည့် ဆည်းထားနိုင်ခြင်းတို့က ဒေသ တွင်း ဖွံ့ဖြိုးတိုးတက်မှုကို မြင်ရုံ ဖြင့် သိသာစေသည်။

တရုတ်နိုင်ငံနှင့် နယ်မြေချင်း ထိစပ်နေသည့် မိုင်းလားအတွက် ခရီးသွားလာရေး လုပ်ငန်းသည်  အဓိက၀င်ငွေရစေသည့် လုပ်ငန်း ကြီးတစ်ခုဖြစ်သကဲ့သို့ ဒေသတွင်း  စိုက်ပျိုးရေးလုပ်ငန်း၊ သတ္တုတွင်း လုပ်ငန်းများနှင့် မဲခေါင်မြစ်ဆိပ် ကမ်းမှ ကုန်သွယ်မှုလုပ်ငန်းများ ကလည်း မိုင်းလားဒေသဖွံ့ဖြိုးရေးအတွက် အားဖြစ်စေခဲ့သည် ဟုဆိုသည်။

‘‘လက်နက်ခဲယမ်း တပ်ဆင် မှုမှာလည်း  ဒါလောက်ကြီးအသား မပေးဘူး။ အဓိက သူတို့ အသား ပေးခဲ့တာက တည်ငြိမ်ရေး၊ လုံခြုံ ရေးနဲ့ ဖွံ့ဖြိုးရေးကို အဓိကဦးစား ပေးခဲ့တာတွေ့ရတယ်’’ဟု ဒေါက် တာမင်းဇော်ဦးက မှတ်ချက်ပြု သည်။

မိုင်းလားတွင် ဟိုတယ်အ ခန်း တစ်သောင်းကျော်ရှိသကဲ့သို့ ကာစီနိုကဲ့သို့ လောင်းကစားရုံများ နှင့် ဖျော်ဖြေရေးလုပ်ငန်းများစွာ ရှိသည်။ အပျော်မယ်များကို လွယ်ကူစွာ ဆက်သွယ်နိုင်သည့် ကမ်းလှမ်းချက်များကို မိုင်းလား ဒေသသို့ ရောက်ဖူးသူအများစု သတိထားမိမည်ဖြစ်သည်။

မိုင်းလားဒေသ၏ စီးပွားဖွံ့ ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ် ဓာတ်အားလုံလောက်စွာ ဖြည့် ဆည်းပေးနိုင်ခဲ့ခြင်းသည်  အရေး ပါသည်ဟု သုံးသပ်ကြသည်။

 ဒေသတည်ထောင်စဉ်က ဆီမီးနှင့် ဖယောင်းတိုင်မီးကိုသာ အားကိုးခဲ့ရသည့် မိုင်းလားဒေသ၌ နှစ်(၃၀)အတွင်း ဒေသတစ်ခုလုံး လျှပ်စစ်မီးလင်းရေး စွမ်းဆောင် ထားနိုင်ပြီဟု မိုင်းလားက ကြွေး ကြော်သည်။

 မိုင်းလားဒေသ၌ လက်ရှိ တွင် အသေးစား ရေအားလျှပ်စစ်စက်ရုံ၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စုစုပေါင်းရှစ်ရုံနှင့် ၆၆ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် မိုင်းဝအမည်ရှိ အလတ်စား ရေအားလျှပ်စစ်စက်ရုံ တစ်ရုံရှိသည်။ လွန်ခဲ့သည့် နှစ်(၃၀)အတွင်း ဆိုင်ကယ်သွားလမ်းသာရှိသော မိုင်းလားဒေသတွင် ကျိုင်းတုံ၊ ‘၀’ဒေသ၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ မဲခေါင်မြစ်ဝှမ်း စသည့်နေရာများ ကို သွားရောက်နိုင်မည့် လမ်းမကြီးများ ဖောက်လုပ်ထားနိုင်သကဲ့သို့ ဒေသတွင်းရှိ ကျေးရွာတိုင်းသို့ အဆင်ပြေစွာသွားနိုင်သောလမ်းများ ဖောက်လုပ်ထားပြီးဖြစ် သည်ဟုဆိုသည်။

‘‘လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု၏ ခေတ်နောက်ကျသော အသွင်အပြင်ကို အတိတ်၌ ထား ရစ်နိုင်ခဲ့ပြီ’’ဟု မိုင်းလားက ကြွေး ကြော်သည်။

စိုက်ပျိုးရေးကဏ္ဍနှင့် ပတ် သက်ပြီး ၂၀၀၃ ကစ၍ လယ်ယာ ခွန်လုံးဝပလပ်သည့် ပေါ်လစီကို အကောင်အထည်ဖော်ခဲ့သည်ဟု  မိုင်းလားအဖွဲ့က ပြောသည်။

ယခင်က စီးပွားဖြစ် သီးနှံ စိုက်ပျိုးမှု မရှိသလောက်နည်းပါး ခဲ့ပြီး ခေတ်နောက်ကျသော တောခုတ်မီးရှို့ တောင်ယာလုပ်စနစ်သာ ကျင့်သုံးခဲ့ရာ ၁၉၉၉ ကစ၍ ဒေသတစ်ခုလုံး ၀မ်းစာဖူလုံရေး ကြိုးပမ်းနိုင်ခဲ့သည်ဟုဆိုသည်။

မိုင်းလားဒေသ၏ အဓိက စိုက်ပျိုးရေး ထွက်ကုန်များမှာ ရော်ဘာ၊ ငှက်ပျော၊ ကြံ၊ လက် ဖက် စသည်တို့ဖြစ်ပြီး စပါးအပါ အ၀င် နှစ်တိုသီးနှံများလည်း စိုက် ပျိုးကြသည်။

တောရိုင်းတိရစ္ဆာန်နှင့် သ ဘာဝသစ်တောထွက် အရင်းအ မြစ်များ ကူးသန်းရောင်းဝယ်မှု စောင့်ကြည့်ရေး အဖွဲ့အစည်း (TRAFFIC)၏ လေ့လာမှုစစ်တမ်းအရမူ တောရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းဝယ်ဖောက်ကားမှု သည် ယခင် ထိုင်း-မြန်မာနယ်စပ် တာချီလိတ်တွင် အများအပြားရှိရာမှ ယခုအခါ မြန်မာ-တရုတ် နယ်စပ် မိုင်းလား၌ အဓိကဈေးကွက် ဖြစ်ထွန်းနေသည်ဟုဆို သည်။ ရွှေတြိဂံနယ်မြေနှင့်  နယ်နိမိတ်ထိစပ်နေသည့် မိုင်းလားဒေသတွင် ယခင်က ဘိန်းကို အဓိက စိုက်ပျိုးခဲ့သော်လည်း ၁၉၉၇ နောက်ပိုင်း ဘိန်းစိုက်ပျိုးမှု လုံးဝမရှိတော့ဟု မိုင်လားအဖွဲ့ကပြောသည်။ မိုင်းလားခေါင်းဆောင် ဦးစိုင်းလင်းကို အမေရိကန်ပြည် ထောင်စု နိုင်ငံခြားရေးဝန်ကြီး ဌာန၏ အပြည်ပြည်ဆိုင်ရာ စိတ် ကိုပြောင်းလဲစေသော ဆေးဝါး ထိန်းချုပ်ရေး မဟာဗျူဟာ အစီ ရင်ခံစာ Hitlist စာရင်းတွင် နှစ်အ တော်ကြာအောင် ထည့်သွင်းထား သည်။ နောက်ပိုင်းတွင် ကမ္ဘာ့ ကုလသမဂ္ဂကျောထောက်နောက် ခံပြုထားသော မူးယစ်ဆေးဝါး တိုက်ဖျက်သုတ်သင်ရေး အစီအ စဉ်တစ်ခုကို မိုင်းလား၌ စတင်ခဲ့ ပြီး ၁၉၉၇ တွင် မိုင်းလားကို ‘ဘိန်း ကင်းစင်နယ်မြေ’အဖြစ် ကြေ ညာခဲ့သည်။ နောက်သုံးနှစ်အ ကြာတွင် အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဌာနက ဦးစိုင်းလင်း သည် သူ့ဒေသတွင် ဘိန်းစိုက်ပျိုး မှုကင်းစင်အောင် ဆောင်ရွက် ကြောင်း ဖော်ပြခဲ့သည်။

မိုင်းလားဒေသ၏ အောင် မြင်မှုရလဒ်များသည် ဒေသခံ ပြည်သူလူထု၊ တပ်ဖွဲ့ဝင်များ၏ ၀ိုင်းဝန်းကြိုးစားခြင်းကြောင့် ဖြစ် ပြီး နိုင်ငံတော်အစိုးရ၊ တရုတ် နိုင်ငံ၊ ‘၀’လက်နက်ကိုင်အဖွဲ့ (UWSA) နှင့် ကိုးကန့်လက်နက် ကိုင်အဖွဲ့ (MNDAA) တို့၏ ထောက်ခံကူညီမှု မကင်းကြောင်း  မိုင်းလားခေါင်းဆောင် ဦးစိုင်း လင်းကဆိုသည်။ ဦးစိုင်းလင်း၏ အမျိုးသမီး ဒေါ်နန်းရင်သည် ကိုး ကန့်အဖွဲ့ခေါင်းဆောင် ဦးဖုန် ကျားရှင်၏ သမီးဖြစ်သည်။

မိုင်းလားအဖွဲ့၏ Mongla News က ဖော်ပြသည့် ရုပ်သံဖိုင် တစ်ခုတွင်မူ အသက်(၇၀)အ ရွယ် ရှမ်းအမျိုးသား ဦးအိုက်ဆမ် လုံက ‘‘ဒေသတွင်းမှာ စစ်မက်ဖြစ် ပွားခြင်းမရှိသောကြောင့် ကောင်း ကောင်းအိပ်၊ ကောင်းကောင်းစား နိုင်တယ်’’ဟု ပြောကြားခဲ့သည်။

NCA တွင် ပါဝင်ပြီး ငြိမ်းချမ်းရေး အာမခံချက်ရယူမည်ဟုတရားဝင်ပြောကြား

‘၀’ လက်နက်ကိုင်အဖွဲ့ (UWSA) ဦးဆောင်ပြီး မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်ဖြစ်သော မိုင်းလားလက်နက်ကိုင်အဖွဲ့က ၎င်းတို့၏ နှစ်(၃၀)ပြည့်ပွဲတော်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင်ပါဝင်ပြီး ဒေသငြိမ်းချမ်းရေး အာမခံချက်ရရှိအောင် ဆောင်ရွက်သွားမည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

‘‘နိုင်ငံတော်ရဲ့ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန် လည်သင့်မြတ်ရေးလုပ်ငန်းစဉ်မှာ ၂၁ ရာစုပင်လုံ ညီလာခံစိတ်ဓာတ်  ဖြင့် NCA သဘောတူညီချက်ကို ဆောလျင်စွာရရှိပြီး နိုင်ငံရေး ဆွေးနွေးခြင်းမှတစ်ဆင့် ထာဝရ ငြိမ်းချမ်းရေးလမ်းစဉ်ကို လျှောက် လှမ်းသွားမှာဖြစ်ပါတယ်’’ဟု မိုင်းလားအဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်း ကိုယ်တိုင် ပြောကြားခဲ့ သည်။

မိုင်းလားအဖွဲ့ အပါအ၀င် NCA လက်မှတ်ထိုးရန် ကျန်နေ သည့် အဖွဲ့များ NCA တွင် ပါဝင် လက်မှတ်ထိုးပြီး နိုင်ငံရေးဆွေး နွေးပွဲရလဒ်များနှင့်အညီ ဒီမိုက ရေစီ ဖက်ဒရယ်ပြည်ထောင်စုကို အတူတကွဖော်ဆောင်ရန် ဒေါ် အောင်ဆန်းစုကြည်၏ ဖိတ်ခေါ် ချက်အပေါ် တုံ့ပြန်သည်ဟုဆိုနိုင် သည်။

 ဒေါ်အောင်ဆန်းစုကြည် သည် မိုင်းလားအဖွဲ့၏ နှစ်(၃၀) ပြည့်ပွဲတော်သို့ သ၀ဏ်လွှာပေးပို့ ရာတွင် အထက်ပါအတိုင်း ဖိတ် ခေါ်ခဲ့ပြီး လက်မှတ်ထိုးရန် ကျန် နေသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အားလုံး ငြိမ်းချမ်းရေး ညီလာခံစားပွဲဝိုင်းတွင် ပါဝင်လာ ရေး တံခါးအမြဲဖွင့်လှစ်ထား ကြောင်း အသိပေးသည်။

မိုင်းလားခေါင်းဆောင် ဦးစိုင်းလင်းက ‘‘ဘက်အသီးသီးမှ  အခြေအနေများကို ထည့်သွင်း စဉ်းစား၍ အဘက်ဘက်နဲ့ ပြေ  လည်စွာဆွေးနွေးပြီး ငြိမ်းချမ်းရေး  လုပ်ငန်းစဉ်တွေ တက်ကြွစွာ ပါ ၀င်ခြင်းနဲ့ ကျွန်တော်တို့ဒေသငြိမ်း ချမ်းရေး ရေရှည်တည်တံ့ခိုင်မြဲ  ရေးအတွက် အာမခံချက်ရရှိ အောင် ဆောင်ရွက်သွားမှာဖြစ်ပါ တယ်’’ဟု ပြောကြားသည်။

အဘက်ဘက်နှင့် ပြေလည် စွာ ဆွေးနွေးရမည်ဆိုသည့် မိုင်း လားခေါင်းဆောင်၏ ပြောကြား ချက်သည် ၎င်း၏ ဒေသတွင်းတည်ငြိမ်မှုကို ဆက်လက်ထိန်းလို၍ ဖြစ်သည်ဟုလည်း ဆိုနိုင် သည်။

၂၀၁၆ နှစ်ကုန်ပိုင်းက စစ် ရေးလေ့ကျင့်သည်ဆိုကာ မိုင်း လားဒေသသို့ ‘၀’ တပ်ဖွဲ့အင်အား အလုံးအရင်းဖြင့် ၀င်ရောက်နေရာ ယူခဲ့ရာ ‘၀’ တပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာရေးကူညီပေးရန် အစိုးရထံ မိုင်းလားက အကူအညီ တောင်းခဲ့ရသည်။

နောက်ပိုင်းတွင် ‘၀’ နှင့် မိုင်း လားအဖွဲ့အကြား ဆွေးနွေးညှိ နှိုင်းမှုများ ပြုလုပ်ခဲ့ပြီး ‘၀’ တပ်ဖွဲ့ တစ်စိတ်တစ်ပိုင်း ပြန်လည်ဆုတ် ခွာပေးခဲ့သော်လည်း လက်ရှိအ ချိန်ထိ မိုင်းလားဒေသ၌ ‘၀’ တပ် ဖွဲ့အချို့ နေရာယူထားဆဲဖြစ် သည်။

ထို့ကြောင့်ပင် အခင်းဖြစ် ပွားစဉ်ကတည်းက မိုင်းလားဒေသအနီး နေရာယူထားသည့် တပ်မတော် စစ်ကြောင်းများလည်း လက်ရှိအချိန်ထိ ဆက်ရှိနေပြီး တင့်ကားများပါ အသင့်အနေအထား စုဖွဲ့ထားသည်ဟု လေ့လာသူတစ်ဦးကပြောသည်။

မိုင်းလားအဖွဲ့အနေဖြင့် ၎င်း တို့ဒေသ တည်ငြိမ်မှုရရှိရေးအ တွက် အစိုးရ၊ တပ်မတော်နှင့် အ ဆင်ပြေအောင် နေထိုင်နေသကဲ့ သို့ နယ်မြေချင်းထိစပ်နေသည့် ‘၀’ တပ်ဖွဲ့နှင့်လည်း ဆက်ဆံရေး ကောင်း တည်ဆောက်ရမည်ကို နားလည်ထားသည်ဟု လေ့လာ သူများကဆိုသည်။

မိုင်းလားအဖွဲ့အနေဖြင့် အစိုးရ၊ တပ်မတော်က လိုလားသကဲ့သို့ NCA ထိုးမည်ဟု ထုတ် ဖော်ပြောဆိုခဲ့သော်လည်း အမှန် တကယ် ထိုးဖြစ်နိုင်ရေးအတွက် ခက်ခဲရှုပ်ထွေးသည့် ဆွေးနွေးညှိ နှိုင်းရေးလုပ်ငန်းစဉ်များ ရှိနေမည် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ‘၀’၊ မိုင်းလား၊ ကချင်၊ တအာင်း၊ ကိုးကန့်၊ ရှမ်း၊ ရခိုင် လက်နက် ကိုင်ခုနစ်ဖွဲ့သည် နိုင်ငံရေး မဟာ မိတ်စုဖွဲ့ထားပြီး နိုင်ငံရေးဆွေး နွေးရေးလုပ်ငန်းများကို အတူတ ကွဆောင်ရွက်ရန် ဆုံးဖြတ်ထား ၍ဖြစ်သည်။

မိုင်းလားဒေသကို တိုင်းရင်း သား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိ သည့်ဒေသအဖြစ် တည်ဆောက် သွားမည်ဟု ဦးစိုင်းလင်းက နှစ်(၃၀)ပြည့်ပွဲတွင် ပြောကြားသည်။

‘‘လူထုကျေနပ်တဲ့၊ နိုင်ငံ တော်အစိုးရ အသိအမှတ်ပြုတဲ့၊ နိုင်ငံတကာ လေးစားတဲ့ဒေသဖြစ် ပေါ်လာအောင် ကြိုးစားသွားမှာ ဖြစ်ပါတယ်’’ဟု ဦးစိုင်းလင်းက ဆိုသည်။

NCA လက်မှတ်ထိုးခြင်းမှ တစ်ဆင့် နိုင်ငံရေးဆွေးနွေးပွဲများ တွင် ပါဝင်ခြင်းအားဖြင့် ကိုယ်ပိုင် စီမံအုပ်ချုပ်ခွင့် ရရှိနေသည့် လက်ရှိအနေအထားကို ဥပဒေ ကြောင်းအရ တရားဝင်မှုပိုမိုရနိုင် မည်ဆိုသည့် အတွေးအခေါ်များ  မိုင်းလား ခေါင်းဆောင်များတွင်  ရှိနေသည်မှာ ပေါ်လွင်ကြောင်း ပအိုဝ်းအမျိုးသား လက်နက်ကိုင် အဖွဲ့ (PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက မှတ်ချက် ပြုသည်။

‘‘ ‘၀’မှာတော့ အင်အား သာပဓာန၊ အင်အားကို နည်းနည်း လေး အားကိုးတဲ့ သဘောရှိပြီး တော့ နိုင်ငံရေးလမ်းကြောင်း၊ ဥပ ဒေလမ်းကြောင်းကို ချဉ်းကပ်တဲ့ ပုံစံမျိုးမတွေ့သလို ရှိတယ်။ မိုင်း လားမှာကျတော့ အင်အားကို မိုင်းလားပြည်သူတွေကို ကာ ကွယ်ပေးဖို့ သဘောလောက်ပဲ လျှော့ပြီးတော့ အဓိကနိုင်ငံရေး  လမ်းကြောင်းနဲ့ ဥပဒေလမ်း ကြောင်းကို နည်းနည်းလေး ဦး စားပေးတဲ့ ချဉ်းကပ်မှုမျိုးတွေ့ရ တယ်’’ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာ က သုံးသပ်သည်။  ဖွံ့ဖြိုးတိုးတက်မှုများကို ပိုင်ဆိုင်ထားသည့် မိုင်းလားဒေသတွင် နှစ်(၃၀)ကြာ ထိန်းထားနိုင်သည့် ငြိမ်းချမ်းတည်ငြိမ်မှုကို ဆက်ထိန်းနိုင်ရန် လိုလားနေပြီး ပိုမိုကောင်းမွန်သည့် လမ်း ကြောင်းကို လျှောက်လှမ်းရန် ကြိုးပမ်းသွားမည်ဟု မိုင်းလား ခေါင်းဆောင်ကဆိုသည်။

No comments:

Post a Comment