Saturday, July 6, 2019

မြရည်နန္ဒာ တိုက်ခန်းဝယ်ယူခွင့်ရသူများ စရန်ငွေ ၅ သိန်း ကနဦးပေးသွင်းရမည်

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက အကောင်အထည်ဖော် ဆောင်ရွက်တည်ဆောက်ပေးနေတဲ့ ချမ်းမြသာစည်မြို့နယ်က မြရည်နန္ဒာတန်ဖိုးမျှတ တိုက်ခန်းတွေကို ဒုတိယအကြိမ် မဲနှိုက်ရောင်းချပေးတဲ့အခါမှာ ဝယ်ယူခွင့်ရရှိသူတွေအနေနဲ့ အာမခံ စရန်ငွေငါးသိန်းကျပ်ကို ကနဦးပေးသွင်းရမယ်လို့ သိရပါတယ်။ အခုလို စရန်ငွေပေးသွင်းဖို့ ဆောင်ရွက်တာဟာ အပျော်သဘောနဲ့ လာရောက် ကံစမ်းမဲနှိုက်တာမျိုး မဟုတ်ဘဲ အမှန်တကယ် နေထိုင်လိုသူတွေ ရရှိဖို့လုပ်ဆောင်တာလို့ စည်ပင်ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောပါတယ်။



တိုက်ခန်း ဝယ်ယူခွင့်လျှောက်လွှာတွေကို ဇွန်လ ၁၇ ရက်နေ့ကနေ စတင်ရောင်းချပေးခဲ့တာဖြစ်ပြီး လျှောက်လွှာလာယူတဲ့သူ ၁၆၃၃ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။

လျှောက်လွှာလက်ခံမှုကို ဇူလိုင်လ ၁ ရက်ကနေ ၁၄ ရက်အထိ လက်ခံမှာဖြစ်ပြီး သတ်မှတ်အရည်အချင်းနဲ့ ပြည့်မီတဲ့ လျှောက်လွှာတွေကို ဇူလိုင်လ အတွင်းမှာပဲ ဝယ်ယူခွင့် မဲဖောက်ပေးမယ်လို့ သိရပါတယ်။

မဲပေါက်ပြီး ဝယ်ယူခွင့်ရသူတွေဟာ စရံငွေ ငါးသိန်းကျပ်ကို ပေးသွင်းပြီးတဲ့နောက် ဝယ်ယူရမယ့် တိုက်ခန်းနေရာအတွက် ထပ်မံမဲနှိုက်ရမယ်လို့ သိရပါတယ်။

စရံငွေပေးသွင်းရမှာဖြစ်တဲ့အတွက် အပျော်သဘောမဲနှိုက်သူတွေနဲ့ ပြန်ရောင်းဖို့ ဝယ်တဲ့သူတွေ လာရောက်လျှောက်ထားမှု လျော့သွားနိုင်တယ်လို့ ကော်မတီဝင်တွေက ပြောပါတယ်။

အခုလို စပေါ်ငါးသိန်းပေးသွင်းတာကြောင့် အမှန်တကယ် နေမယ့်သူတွေ တိုက်ခန်းနေရာ ရဖို့အခွင့်အလမ်း ပိုများလာတယ်လို့ လျှောက်လွှာလာတင်တဲ့ အငြိမ်းစား ပညာရေးဝန်ထမ်း ဒေါ်ခင်မျိုးကြည်က ပြောပါတယ်။

အခုလို ရောင်းချပေးမယ့်တိုက်ခန်းတွေဟာ မန္တလေးခရိုင် ၆ မြို့နယ်အတွင်းက အရပ်ဘက်ဝန်ထမ်းနဲ့ အငြိမ်းစားဝန်ထမ်းတွေကိုသာ ရောင်းချပေးမှာဖြစ်ပြီး ရဲနဲ့ တပ်မတော်သားတွေအတွက် မပါဝင်သေးပေမယ့် ၂၀၁၈ ခုနှစ်က လျှောက်လွှာတင်ပြီး ဝယ်ယူခွင့်မရလိုက်သူ အားလုံးကိုတော့ ကန့်သတ်ထားတာမရှိဘဲ မဲနှိုက်ခွင့်ပြုမယ်လို့ သိရပါတယ်။

အခုနှစ်မှာ အသစ်တည်ဆောက်ထားတဲ့ တိုက်ခန်း ၄၅၆ ခန်းရှိတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်က မဲပေါက်ပြီး ဝယ်ယူဖို့ မဆက်သွယ်တော့တဲ့ တိုက်ခန်း ၃၁ ခန်းနဲ့ မဲပေါက်ပြီး ပြန်အပ်တဲ့ တိုက်ခန်း ၅၅ ခန်းရှိတာကြောင့် စုစုပေါင်းရောင်းချမယ့် တိုက်ခန်း ၅၄၂ခန်းဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment