Saturday, July 6, 2019

ငြင်းဆန်မှုကို ရုန်းထွက်ပါ

တရားဥပဒေဆိုတာ အမှန် တရား မရှိဘူး။ နိုင်ငံခြား ရုပ်ရှင်ဇာတ်ကားတစ်ခုကြည့်ရင်း ဇာတ်ဝင်ခန်း တစ်နေရာအရောက် ခုစကားကို ကြားလိုက်တော့ ဇာတ်ကားကို ဆက်မကြည့်နိုင်လောက်အောင် တုန်လှုပ်ချောက်ချား သွားမိတယ်။ ဇာတ်ကားက တောလမ်းတစ်နေရာမှာ ကားမတော်တဆဖြစ်ရင်း ထိခိုက်မိသွားတဲ့ တက္ကသိုလ်ကျောင်းသားတစ်ဦးကို အသက်မသေသေးမှန်း သိလျက် ကားရော အလောင်းပါ သက်သေမကျန်အောင် ဖျောက်ဖျက်ခဲ့ပြီး ပြစ်မှုက ကင်းလွတ်ဖို့ ကြိုးစားတဲ့ သူတစ်ယောက်အကြောင်းပါ။



ငွေကြေးလည်း တတ်နိုင်၊ အာဏာပိုင်တွေနဲ့လည်း ပိုင်ရာဆိုင်ရာ ဖြစ်သူမို့ သံသယရှိပေမယ့် ဘာမှမတတ်နိုင်ဘဲ လွှတ်ထားရ တဲ့ အခြေအနေမျိုးပါ။ တက္ကသိုလ်ကျောင်းသားလေးရဲ့ မိဘနှစ်ပါးက အမှုမှန်ပေါ်အောင် ကျားကုတ် ကျားခဲ ကြိုးစားတဲ့အခါ ပြစ်မှုကျူးလွန်ခဲ့သူက အကောင်းဆုံးဆိုတဲ့ ရှေ့နေတစ်ဦးကို ငှားရမ်းခဲ့ပါ တယ်။

ထိုရှေ့နေက  ပြစ်မှုကျူးလွန်ခဲ့သူကို ပြစ်မှုက သံသယမဲ့ လွတ် မြောက်နိုင်ဖို့ အမှုဖြစ်စဉ် အကြောင်းအရာတွေ အသေးစိတ်မေးမြန်း ရင်း ထိုစကားကို ပြောခဲ့တာပါ။

‘‘ဥပဒေဆိုတာ အမှန်တရား မရှိဘူး။ သက်သေအထောက် အထားတွေနဲ့ တင်ပြချက်တွေပေါ်မှာ ချင့်ချိန်ပြီး ဆုံးဖြတ်ရတဲ့ ကိစ္စ သက်သက်ပဲ။ ပြစ်မှုကျူးလွန်ခဲ့ တယ်ဆိုရင်တောင် သက်သေမခိုင်လုံရင်၊ တခြားတစ်ဖက်ထက် တင်ပြချက် အားသာရင် အပြစ်က ကင်းလွတ်ပြီး နေနိုင်တယ်။ အမှန်တရားဆိုတာ မရှိဘူး’’

ဇာတ်ကားထဲမှာ ရှေ့နေဖြစ် သူက ပြစ်မှုကျူးလွန်ခဲ့သူကို ပြောခဲ့တဲ့စကားပါ။

တခြားတစ်ဖက်က ကြည့်ရင် ဒါဟာ လောကပါလတရားနဲ့ လုံး

လုံးဆန့်ကျင်နေတယ် ဆိုပေမယ့် တကယ့်လက်တွေ့မှာ ကျွန်တော်

တို့ကိုယ်တိုင်လည်း ထိုအခြေအနေမျိုးကို ကြုံတွေ့နေရဆဲဆိုတာ ဘယ်လိုမှ ငြင်းဆန်မရတဲ့ နာကျင်ဖွယ် အမှန်တရားတစ်ခုပါပဲ။

အနီးစပ်ဆုံး ဥပမာဆိုရရင်  နေပြည်တော် Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းက အသက်(၃) နှစ်အရွယ် ဗစ်တိုးရီးယားဆိုတဲ့ မိန်းကလေးငယ်နဲ့ သူ့မိသားစု ကြုံတွေ့နေရတဲ့ ဖြစ်စဉ်ပါပဲ။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရဆိုပေမယ့် အမှန်တရားထက် သက်သေအထောက်အထားကို ဦးတည်စဉ်းစားကြရတဲ့အခါ ဥပဒေအထက်မှာ ထို့ထက်များစွာသော အရာတွေက သူ့အလိုလိုရှိနေခဲ့တဲ့ အကြောင်းတရား ဖြစ်လာခဲ့တာပါပဲ။

ဒါက ယခု ဖြစ်စဉ်တစ်ခုတည်းမဟုတ်ပါဘူး။ ဦးကိုနီ အသတ်ခံရမှုနဲ့ လွတ်မြောက်နေဆဲ အောင်ဝင်းခိုင်ဖြစ်စဉ်၊ ကချင်ပြည် နယ်က အဓမ္မပြုကျင့်သတ်ဖြတ်ခံရတဲ့ ကျောင်းဆရာမလေးနှစ်ဦးရဲ့ဖြစ်စဉ်၊ အိမ်အကူ မကရင်မ သေဆုံးမှု ဖြစ်စဉ်၊ လိင် တိမ်းညွတ်သူ ကိုကျော်ဇင်ဝင်းဖြစ်စဉ်၊ သတင်းထောက် ကိုပါကြီးနဲ့ လက်ပံတောင်းတောင်ဒေသ တောင်သူဒေါ်ခင် ၀င်း သတ်ဖြတ်ခံရမှုဖြစ်စဉ်၊ ရခိုင်ပြည်နယ်ထဲက အရပ်သားတွေ သေဆုံးမှုဖြစ်စဉ်စတဲ့ အရှိတရားထက် သက်သေအထောက်အထားနဲ့ တင်ပြချက်ပေါ် မူတည်မှုကြောင့် ကင်းလွတ်နေဆဲ နာကျင်ဖွယ် အမှန်တရားတွေဟာ ကျွန်တော်တို့ တိုင်းပြည်မှာ ဖြစ်စဉ် ပေါင်းများစွာ နှစ်ပေါင်းများစွာ တည်ရှိနေခဲ့တာ ဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ နှစ်ပေါင်းများစွာ အဂတိ၊ ဆန္ဒဂတိ ၊  အာဏာ၊ အကြောက်တရားတို့နဲ့ ကြီးပြင်းရှင်သန်ခဲ့ကြ ရပါတယ်။ မတရားတဲ့ အမိန့်အာဏာဟူသမျှဖီဆန်ကြ ၊ တရားဥပဒေစိုးမိုးရေးလို့ ဟစ်ကြွေးအော်ဟစ်ခဲ့ကြပေမယ့် အားကြီးသူ နိုင်စတမ်းစနစ်ထဲမှာ ခုထိနစ်မွန်းနေကြရဆဲ ဖြစ်ပါတယ်။

ဒါဟာ ဘာကြောင့်ပါလဲ။ တရားဥပဒေနဲ့ ရင်ဆိုင်ရမယ့် အကြောင်းကိစ္စတွေ၊ အမှန်တရားအတွက် ရဲရင့်ကြမယ်ဆိုတဲ့အ ကြောင်း ကိစ္စတွေ ကြုံတွေ့လာရတိုင်းမှာ ပြောမှသိ၊ ထိမှနာဆိုတဲ့ စကားအတိုင်းမဟုတ်ဘဲ မပြောဘဲသိ၊ မထိဘဲ နာတတ်တဲ့ ပါဝင်ပတ်သက်မှုကို ကျွန်တော်တို့ကိုယ်တိုင် ငြင်းဆန်နေကြဆဲ ဖြစ်

လို့ပါပဲ။

အထူးသဖြင့် လွဲမှားနေတဲ့စနစ်၊ မှားယွင်းတဲ့ အယူအဆ၊မတရားတဲ့အခင်း စတဲ့အကြောင်းတရားတွေကိုသိလျက်  အမှန်တရားတစ်ခု ဖြစ်ထွန်းလာဖို့ ကျွန်တော်တို့ ပါဝင်ပတ်သက်ဖို့ ငြင်းဆန်နေကြဆဲ ဖြစ်လို့ပါပဲ။

ဒါဟာ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ အမှန်တရားရဲ့ သက်သေတစ်ခုအဖြစ် ပါဝင်ပတ်သက် ဖို့ ငြင်းဆန်နေဆဲဖြစ်တဲ့ အကြောင်းရဲ့ အကျိုးရလဒ်ကြောင့် ပါပဲ။

သေတဲ့သူက သေသွားပြီပဲ။ ထားလိုက်ပါတော့။ ရုံးပြင်ကနားမသွားချင်ပါဘူး။ တော်ကြာ ငါတို့ကို အမှုလာပတ်ရင် ဘယ်လိုလုပ်မလဲ။ ပြောတော့ကော ဘာထူးမှာ မို့လို့လဲ။ သူတို့ချင်းဖြစ်တဲ့ကိစ္စ ငါတို့နဲ့ မဆိုင်ပါဘူး။

ဒီစကားလုံးတွေဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ မရိုးနိုင်အောင် ကြားနေရဆဲ စကားလုံးတွေပဲ ဖြစ်ပါတယ်။ ဟိုယခင် နှစ်ပေါင်းများစွာကလည်း ကြားသိခဲ့ရသလို ယနေ့တိုင်လည်း ဒီစကားလုံးတွေဟာ ရိုးအီပျောက်ကွယ်မသွားဘဲ ကျွန်တော်တို့နဲ့အတူ ရှိနေဆဲဖြစ်ပါတယ်။

 လူ့အဖွဲ့အစည်းအတွက် အမှန်တရားရဲ့သက်သေအဖြစ် ကျွန်တော်တို့ ပါဝင်ပတ်သက်ဖို့ ငြင်းဆန်ပြီး ထိုစကားလုံးတွေနဲ့ပဲ အတူရှိနေသရွေ့ အပြစ်မဲ့ နာကျင်ခံစားရတဲ့ ဖြစ်ရပ်တွေကို ကျွန်တော်တို့ ဆက်လက်ကြုံတွေ့ နေရဦးမှာပါပဲ။ အားကြီးသူ နိုင်စတမ်းစနစ်ထဲမှာ ကျွန်တော်တို့ဆက်လက် နစ်မွန်းနေကြရဦးမှာပါပဲ။

သက်သေ အထောက်အထားနဲ့ တင်ပြချက်တွေအပေါ် ချင့်ချိန်ဆုံးဖြတ်ရတဲ့ တရားဥပဒေအတွက် အမှန်တရားရဲ့  သက်သေတွေအဖြစ် လိုအပ်မှု တစ်ခုချင်းစီတိုင်းကို ကျွန်တော်တို့ ပါဝင်ပတ်သက်မှသာ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ ဗစ်တိုးရီးယားလို မိန်းကလေးငယ်လေး တွေ၊ ဦးကိုနီလို လုပ်ကြံခံရသူတွေ၊ အပြစ်မဲ့ဖမ်းဆီး နှိပ်စက်ခံရပြီး သေဆုံးသွားသူတွေ၊ အကြောင်းတရားမဲ့ ပျောက်ဆုံး သွားတဲ့ ဘ၀တွေစတဲ့ နာကျင်ဖွယ် အကြောင်းတရားတွေရဲ့ အဆုံး သတ်တစ်ခုကို ရောက်ရှိမှာ ဖြစ်ပါတယ်။

ထိုသို့မဟုတ်ဘဲ အမှန်တရားရဲ့ သက်သေအဖြစ်ပါဝင်ပတ် သက်ဖို့  ကျွန်တော်တို့ ငြင်းဆန်နေသရွေ့ ကျွန်တော်တို့ ကိုယ်တိုင်၊ကျွန်တော်တို့ရဲ့ မိသားစုဝင်တွေကိုယ်တိုင်၊ ကျွန်တော်တို့ရဲ့ သား၊ သမီး၊ မြေး၊ မြစ်တွေကိုယ်တိုင် ဗစ်တိုးရီးယားတွေ၊ ဦးကိုနီတွေ၊ ဒေါ်ခင်ဝင်းတွေ၊ မရီရီစိုးတွေ၊ ကိုဇော်ဝင်းလှိုင်တွေ  အချိန်မရွေး ဖြစ်လာနေဦးမယ်ဆိုတာ ငြင်းမရတဲ့ သေချာမှုတစ်ခုပါပဲ။

No comments:

Post a Comment