Saturday, July 6, 2019

တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ ခုတွင် လူ့စွမ်းအား အရင်းအမြစ်နှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်း

မကွေးတိုင်း၊ ဧရာဝတီတိုင်းနှင့် မွန်ပြည်နယ်တို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာန ဖွဲ့စည်းကြောင်း ဇူလိုင် ၂ ရက်တွင် နိုင်ငံတော်သမ္မတရုံးက ကြေညာသည်။ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊  ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သ࿿ာရီတိုင်းဒေသကြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့တွင် ဇွန် ၂၇ ရက်နှင့် ၂၈ ရက်က ဖွဲ့စည်းပြီးဖြစ်သည့်အတွက် ဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်းသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ ၁၂ ခု ရှိပြီဖြစ်သည်။



အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးချင်ပြီး လုပ်ငန်းအဆင်မပြေရွှေ့ပြောင်းကြသူများ မဲပေးရာတွင် အဆင်ပြေစေရန်အတွက် ဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်းခြင်းဖြစ်သည်ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်လည်း ဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌဌ  (၂)  လည်းဖြစ်သူ ဒေါက်တာဇော်မြင့်မောင်က မီဒီယာများအား ဇွန်လကုန်ပိုင်းတွင် ပြောကြားထားသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များတွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်းလိုကြောင်း နိုင်ငံတော်သမ္မတက သက်ဆိုင်ရာ လွှတ်တော်အသီးသီးသို့ ဇွန် ၁၉ ရက် က သဝဏ်လွှာပေးပို့ခြင်းဖြစ်ပြီး ယင်းအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် အများစုရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များက အတည်ပြုပေးခဲ့သည်။

မှတ်ပုံတင်ကိစ္စတွင် ရှုပ်ထွေးနိုင်ခြင်းနှင့် အစိုးရသက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ချိန်တွင် ဝန်ကြီးဌာန တိုးချဲ့သည့်အတွက် ဘတ်ဂျက် အလေအလွင့် ဖြစ်စေနိုင်သည်ဆိုကာ ဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်းရေးအပေါ် ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အများစုက ကန့်ကွက်ခဲ့သည်။

ကန့်ကွက်မဲ ၂၂ မဲရှိပြီး ထောက်ခံမဲ ၁၃ မဲသာရှိခြင်းကြောင့် ရခိုင်ပြည်နယ်တွင် သမ္မတ သဝဏ်လွှာပေးပို့သည့် ဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်းမဟုတ်ကြောင်း ရခိုင်ပြည်နယ် လွှတ်တော်ဒုဥက္ကဋ္ဌဌ ဦးမြသန်းက ပြောကြားသည်။

ထို့ကြောင့် လက်ရှိတွင် ဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်းရေးအပေါ် ဆွေးနွေးရန် ရှမ်းပြည်နယ် လွှတ်တော်တစ်ခုသာ ကျန်ရှိတော့ကြောင်း သိရသည်။ ရှမ်းပြည်နယ်လွှတ်တော်က ဇူလိုင် ၈ ရက်တွင် အရေးပေါ် အစည်းအဝေး ကျင်းပမည်ဖြစ်ပြီး ယင်းအစည်းအဝေးတွင် ဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်းရေးကိစ္စ ဆွေးနွေးမည်ဟု သိရသည်။

လက်ရှိတွင် ချင်းပြည်နယ်၊ တနင်္သ࿿ာရီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးများ ခန့်အပ်ပြီးဖြစ်ပြီး ကျန်လွှတ် တော်များက ဝန်ကြီးခန့်အပ်ရေးလုပ်ငန်းစဉ်များ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိ အစိုးရသက်တမ်းကာလ တိုတောင်းသည့်အတွက် တိုးချဲ့ဖွဲ့စည်းသည့် ဝန်ကြီးဌာနအနေဖြင့် အလုပ်ဖြစ်ရန် အလားအလာ နည်းသည်ဟု မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌဌ ဒေါက်တာအောင်နိုင်ဦးက ဇူလိုင် ၂ ရက် လွှတ်တော် အစည်းအဝေးအပြီးတွင် မီဒီယာများအား ပြောကြားသည်။

No comments:

Post a Comment