Saturday, July 6, 2019

မန္တလေးခရိုင် NLD ပါတီ လူငယ်အဖွဲ့ဝင် တစ်ဦး အရိုက်ခံရ

မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် ကျောက်မီးရွာ (၉) မိုင်ကွေ့အနီးတွင် ဇူလိုင်လ ၅ ရက်နေ့ နေ့လည်ပိုင်းအချိန်က မန္တလေးခရိုင် NLD ပါတီ လူငယ်အဖွဲ့ဝင် တစ်ဦး အရိုက်ခံခဲ့ရကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး က သိရသည် ။ မန္တလေးခရိုင် NLD ပါတီ လူငယ်အဖွဲ့ဝင် အောင်ဖြိုးမင်းသည့် ဇူလိုင်လ ၅ ရက်နေ့က ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းတွင် ပြုလုပ်သည့် ပါတီ ၊ လွှတ်တော် ၊ အစိုးရ တွေ့ဆုံပွဲက ပြန်လာစဉ်ဖြစ်ပွားခြင်းဖြစ်ပြီး ဆိုင်ကယ်ဖြင့် နောက်က လိုက်ပါလာသူ (၂) ဦးက ရိုက်နှက်ခြင်းဖြစ်သည် ။



အဆိုပါ လူ (၂) ဦးအနက် ဆိုင်ကယ်နောက်မှ ထိုင်လာသူ က ပိုက်ပြော့တပ် ဆိုင်ကယ်ခတ်သံကြိုးဖြင့် ရိုက်ခဲ့ရာ အောင်ဖြိုးမင်း မှာ ဆိုင်ကယ်လဲကျသွားပြီး ထပ်မံ၍ "မင်းဘာပြောတာလဲ" ဟု ဆိုကာ (၂) ချက် ရိုက်ခဲ့ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည် ။ ထို့နောက် ရိုက်နှက်သူများမှာ ထွက်ပြေးသွားခဲ့သည် ။

ထိုသို့ ရိုက်ခံရသည့်အတွက် ဆိုင်ကယ်ဦးထုပ်ကွဲပြီး မစိုးရိမ်ရသည့် ဦးခေါင်းထိပ် စုပ်ပြဲဒဏ်ရာ၊ ယာလက်ဖျံ ညိုမဲဒဏ်ရာ တို့ ရရှိခဲ့ပြီး အနီးအနားမှ လူများက ငြိမ်းချမ်းဆေးရုံသို့ ပို့ခဲ့ကာ အဆိုပါဆေးရုံမှ တစ်ဆင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ တင်ပို့ခဲ့သည် ။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရိုက်နှက်ထွက်ပြေးသွားသည့် လူငယ် (၂) ဦးအား အုန်းချောနယ်မြေရဲစခန်းတွင် (ပ) ၁၈၁/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၂၅ အရ အမှုဖွင့်၍ ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည် ။

No comments:

Post a Comment