Saturday, July 6, 2019

တရုတ်တစ်ရှူးငှက်ပျော စိုက်ခင်းများကိစ္စ တရားဝင်လမ်းကြောင်းအတိုင်းဖြစ်လာရန် ကြိုးစားနေကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ ပြောကြား

 တရုတ်တစ်ရှူး ငှက်ပျောခင်းများကိစ္စ တရားဝင်လမ်းကြောင်းအတိုင်း ဖြစ်လာရန် ကြိုးစားနေကြောင်း ကချင်ပြည်နယ် အစိုးရ အဖွဲ့က ဇူလိုင် ၅ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။  တရုတ်တစ်ရှူးငှက်ပျော စိုက်ခင်း ပြဿနာများနှင့်ပတ်သက်၍ သတင်းသမားများက မေးမြန်းရာတွင် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် စိုက်ပျိုး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော် ကျော်ဝင်းတို့က ဖြေကြားခဲ့ခြင်းဖြစ်သည်။



 ဒေါက်တာခက်အောင်က “တစ်ရှူး ငှက်ပျောက အရင် တပ်မတော် လက်ထက်ကတည်းက ဘိန်းအစားထိုးအဖြစ် ရှိလာတယ်။ ကျွန်တော်တို့တက်လာတဲ့အခါ ဒါက တရားမဝင်ဘူး ဖျက်သိမ်းမလား။ ခွင့်ပြု မလားဆွေးနွေးရတယ်။ ဖျက်သိမ်းရင် နောက်ဆက်တွဲဆိုးကျိုးတွေက ၂၀၁၆ ခုနှစ်မှာကို ရွှေ့ပြောင်းလုပ်သား တစ်သိန်းခွဲ လောက်ရှိမယ်။ ဒါတွေ အလုပ်လက်မဲ့ဖြစ်လာရင် နောက်ဆက်တွဲ ခိုး၊ ဆိုး၊ လုယက်တာတွေ များလာမှာကြောင့် ဥပဒေဘောင်အတွင်း ဝင်အောင်လုပ်ဖို့ ကြိုးစားနေရတာ ဖြစ်ပါတယ်။ ဒီမှာ ရင်းနှီမြှုပ်နှံမှုကော်မတီ က ဒေါ်လာငါးသန်းအထိ ရင်းနှီးနိုင်တယ်။ ဒေသခံနှင့် တရုတ်ဘက်က ပေါင်းပြီးစိုက် နေကြတာ။ ပိုးသတ်ဆေး အလွန်အကျွံသုံးစွဲတာ၊ မြေသြဇာ အလွန်အကျွံသုံးတာမျိုးကိစ္စက လုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးကြတော့  တရုတ်နိုင်ငံကနေ အခြားရှစ်နိုင်ငံကို ပို့နေတာ။ ဟိုမှာ စားသောက်ကုန်အမျိုးမျိုး စစ်နေတာ ပိုးသတ်ဆေး၊ မြေသြဇာ အလွန်အကျွံ သုံးစွဲနေရင် ဟိုဘက်နိုင်ငံတွေက ဘယ်လိုမှ လက်ခံမှာ မဟုတ်ဘူး။ ကျွန်တော်တို့ ပစ်မှတ်က တရားဝင်ဖြစ်လာဖို့ပါ။ အခု ကချင်စတား ကုမ္ပဏီက တရားဝင်လမ်းကြောင်းအတိုင်း လုပ်နေပါတယ်။ မြန်မြန်ဆန်ဆန်လုပ်ဖို့ စိုက်မွေးဝန်ကြီးကို တာဝန်ပေးထားပါတယ်။ ဒါမှ အခွန်တွေရမယ်။ ဒေါ်လာတွေရမယ်” ဟု ပြောကြားသည်။
လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် အခြားသောနိုင်ငံများနှင့် တိုက်ရိုက်ဆက်သွယ် ပို့ဆောင်ကုန်သွယ်နိုင်သည့် အခြေ အနေမရှိသဖြင့် ဝယ်လိုအား လမ်းကြောင်း ရှိသည့်  တရုတ်နိုင်ငံကုမ္ပဏီများနှင့် ဥပဒေ နည်းကျ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေကို ကြိုးပမ်းနေရခြင်းဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ဆိုသည်။

ကချင်ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက “ကျွန်တော်တို့က အချက်အလက်ကို အကုန်လုံး ကောက်ယူနိုင်ခြင်း မရှိသေးပါ ဘူး။ ကျွန်တော်တို့ ကောက်ယူနိုင်တာက ၆၃၆၈၆ ဧက ပဲကောက်နိုင်သေးတယ်။ ကုမ္ပဏီတွေကို ခေါ်ယူပြီး စိုက်ဧကတွက်ချက် တာတွေပါ လုပ်ဖို့ ဆောင်ရွက်နေပါတယ်။ အခု  SOP စိုက်ပျိုးရေးလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (Standard Operting for Agricultural Investment ) ရေးဆွဲနေပါပြီ။ ပတ်ဝန်းကျင် ထိခိုက်မှု၊ လူမှုစီးပွား ထိခိုက်မှုကို ဆန်းစစ်နိုင်မယ်။ခွင့်ပြုလို့ ရနိုင်သလောက်ကိုပဲ ခွင့်ပြုသွားပါမယ်။  SOP မဝင်နိုင်ရင်တော့ ဖျက်သိမ်းသင့်ရင် ဖျက်သိမ်းသွားပါမယ်။  ပြည်ထောင်စု အဆင့်ကနေလည်း မြေသြဇာ၊ ပိုးသတ်ဆေးအတွက် မှတ်တမ်းတွေကောက်နေပါပြီ။ မကြာခင် တရုတ်နိုင်ငံထိန်ချုံးမြို့မှာလည်း ဒီ သီးနှံတွေကို အန္တရာယ်ကင်းရှင်းကြောင်း စစ်ဆေးဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်နေပါ တယ်။ နောင်မှာ  SOP နဲ့ ညီညွတ်ရင် အသစ် စိုက်ပျိုးခွင့်ပေးသင့်ရင် ပေးပါမယ်။ လက်ရှိမှာတော့ အသစ်ထပ် စိုက်ပျိုးတာတွေကို ၂၀၁၇ ခုနှစ်ကတည်းက တားမြစ်ထားပါတယ်”  ဟု ပြောကြားသည်။

စိုက်ပျိုးရေးလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ( Standard Operting for Agricultural Investment )  ကို အကောင်အထည်ဖော်ရာတွင် အရေးကြီးသော လုပ်ငန်းစဉ်များအလိုက် လုပ်ကွက်များ တစ်ခုချင်းစီ အကောင်အထည်ဖော်ရန် ရည်ရွယ်ထားပြီး လုံခြုံရေးအခြေအနေအရ မတိုင်းတာနိုင်သည့် ဒေသစိုက်ပျိုးရေးလုပ်ငန်းကြီးများနှင့် ပတ်သက်၍ နယ်စပ်ဒေသများတွင် စိစစ်အရေးယူ သွားမည်ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။

No comments:

Post a Comment