Saturday, July 6, 2019

အာရှ စီးပွားရေးအင်အားကြီးနိုင်ငံများကို သွားရည်ယိုစေတဲ့ မြန်မာ့ပင်လယ်ကမ်းရိုးတန်း

အာရှစီးပွားရေးအင်အားကြီးနိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်နှင့် အိန္ဒိယနိုင်ငံတို့က ပထဝီအနေအထားအရ အလွန်တရာအချက်အချာကျသော မြန်မာနိုင်ငံ၏ပင်လယ်ကမ်းရိုးတန်းဒေသများတွင် ခြေကုပ်ရယူနိုင်ရန် ကြိုးပမ်းလျက်ရှိပြီး စီမံကိန်းကြီးများကိုအပြိုင်အဆိုင်ကူညီထောက်ပံ့နေကြသည်။ တရုတ်၊ အိန္ဒိယနှင့် အာဆီယံဟူသောဈေးကွက်ကြီး ၃ ခုအကြားတွင်တည်ရှိသည့် မြန်မာနိုင်ငံသည် အဆိုပါနိုင်ငံကြီးများ၏ ကုန်စည်ထောက်ပံ့ ပို့ဆောင်ရေးကွန်ရက်ဖြန့်ကြက်ရေးအစီအစဉ်တွင် ပါဝင်နေသည်။ အထူးသဖြင့် ဂျပန်နိုင်ငံက မြန်မာပြည်တွင်း၌ စီမံကိန်းကြီးများဖော်ဆောင်ရန် စိတ်အားထက်သန်လျက်ရှိသည်။



ဂျပန်ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီ Kamigumi ၊ ကုန်သွယ်ရေးလုပ်ငန်းကုမ္ပဏီကြီးများဖြစ် Sumitomo ကော်ပို ရေးရှင်းနှင့် Toyota Tsusho တို့က ဇွန်လအစောပိုင်းက သီလဝါအထူးစီးပွားရေးဇုန်အနီးတွင် ကုန်သေတ္တာသိုလှောင် ရေးစခန်းအသစ်တခုကိုဖွင့်လှစ်ခဲ့သည်။

''အဆင့်အတန်းမြင့်တဲ့ လုပ်ငန်းလည်ပတ်ဆောင်ရွက်မှု၊ ကုန်စည်ထောက်ပံ့ပို့ဆောင်ရေးစွမ်းရည်နဲ့ အတတ်ပညာတွေထူထောင်ပေးနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်''ဟု Kamigumi ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ မာဆာမိကူဘိုက ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

၎င်းကုန်သေတ္တာစခန်းသည် ချေးငွေဒေါ်လာ ၂၁၂ သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၁ နှစ်လျှင် အလျားပေ ၂ဝ ရှည်သောကုန်သေတ္တာပေါင်း ၂ သိန်း ၄ သောင်းခန့်ကိုသယ်ယူပို့ဆောင်နိုင်မည်ဖြစ်သည်။ ယခုပင်လျှင် လုပ်ငန်းတိုးချဲ့ရေးအတွက် ဆွေးနွေးလျက်ရှိနေသည်။

မြန်မာ့စီးပွားရေးတိုးတက်လာသည်နှင့်အမျှ ရန်ကုန်ဆိပ်ကမ်းနှင့် သီလဝါဆိပ်ကမ်း ၂ ခုပေါင်း၏ ကုန်စည် သယ်ယူပို့ ဆောင်နိုင်စွမ်းမှာ ၅ နှစ်အတွင်း နှစ်ဆတိုးလာပြီး ၂ဝ၁၇ ခုနှစ်တွင် ကုန်သေတ္တာပေါင်း ၁ ဒသမ ၃ သိန်းအထိ ရှိခဲ့သည်။ သို့သော် ၎င်းဆိပ်ကမ်းနှစ်ခုစလုံးမှာ မြစ်ဖျားပိုင်းနေရာတွင်တည်ရှိနေသဖြင့် ကုန်သေတ္တာသင်္ဘောကြီးများ ဆိုက်ကပ်နိုင်ခြင်းမရှိချေ။ ၂ဝ၃ဝ ပြည့်နှစ်တွင် ကုန်စည်သယ်ယူပို့ဆောင်မှု လိုအပ်ချက်ကို ဖြည့်စွမ်းပေးနိုင်စွမ်းရှိမည်မဟုတ်ဟု ခန့်မှန်းထားသည်။

ဂျပန်အစိုးရအေဂျင်စီဖြစ်သည့် JICA က ကုန်တင်သင်္ဘောကြီးများ ဆိုက်ကပ်နိုင်မည့်ဆိပ်ကမ်းတခု ဖော်ဆောင်ရန်အတွက် မြန်မာ့ကမ်းရိုးတန်းတလျှောက်တွင် နေရာရှာဖွေခြင်းလုပ်ငန်းကို ယခုနှစ်အတွင်း လုပ်ဆောင်မည်ဟုဆိုသည်။ လက်ရှိ ၎င်းတို့ ကြည့်ရှုနေသည့်နေရာများတွင် မော်လမြိုင်ပါဝင်သည်။ မော်လမြိုင် သည် ဗီယက်နမ်နှင့်ချိတ်ဆက်မည့် စီးပွားရေးစင်္ကြံလမ်း၏ အနောက်ဘက်စွန်းနေရာတွင်တည်ရှိသည်။ မန္တလေးရှိဆိပ်ကမ်းတခုတွင်လည်း ကုန်သေတ္တာကရိန်းတခုတပ်ဆင်ခြင်းလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်ရေး ကူညီထောက်ပံ့မှုအစီအစဉ်အရ ဂျပန်ကလုပ်ဆောင်လျက်ရှိသည်။

အဆိုပါ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကြီးများသည် တစိတ်တပိုင်းအားဖြင့် မြန်မာနိုင်ငံတွင် ခြေလှမ်းကျဲနေသည့် တရုတ်ကိုအမီလိုက်ရန်ဆောင်ရွက်ခြင်း ဖြစ်သည်။ တရုတ်အစိုးရပိုင် Citic က ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းကိုဖော်ဆောင်ရန် ၂ဝ၁၈ နိုဝင်ဘာလအတွင်းက မြန်မာအစိုးရနှင့် သဘောတူလက်မှတ်ရေးထိုးထား သည်။

''ကျွန်တော်တို့ အလုပ်အကိုင်ပေါင်းတသိန်းကျော်ဖန်းတီးပေးနိုင်မှာပါ''ဟု Citic ဥက္ကဋ္ဌ Chang Zheming က ပြောကြားခဲ့သည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းတွင် အရှေ့အလယ်ပိုင်းမှ ရေနံတင်သင်္ဘောကြီးများဆိုက်ကပ်နိုင်မည်ဖြစ်ပြီး ကျောက်ဖြူမှ ယူနန်သို့ ပိုက်လိုင်းမှတဆင့် ရေနံတင်ပို့သွားမည်ဖြစ်သည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းမှာ တရုတ်တို့အတွက် ကိုယ့်လက်ကိုယ့်ခြေမဟုတ်သည့် မလက္ကာရေလက်ကြားကိုဖြတ်၍ ရေနံတင်ပို့နေရခြင်း ကိုရှောင်ကွင်းနိုင်မည့် မဟာဗျူဟာမြောက်ဆိပ်ကမ်းဖြစ်သည်။ မလေးရှားသည် ကျောက်ဖြူနှင့် တရုတ်-မြန်မာနယ်စပ်အကြား အလယ်ဗဟိုတွင်တည်ရှိသည်။

တချိန်တည်းတွင် အိန္ဒိယကလည်း မြန်မာနိုင်ငံဈေးကွက်သို့ တိုးဝင်နေသည်။ စစ်တွေဆိပ်ကမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအတွက် ကူညီထောက်ပံ့ပေးနေသည်။ တရုတ်တို့ အိန္ဒိယသမုဒ္ဒရာအထိ ခြေဆန့်လာသည်ကို အိန္ဒိယက စိုးရိမ်နေသည်။ ၎င်းတို့၏ ပထဝီနိုင်ငံရေးပြိုင်ဘက်ဖြစ်သည့် တရုတ်ကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းခြင်းဖြစ်သည့်အပြင် အိန္ဒိယနှင့်အာဆီယံအကြား မြန်မာသည်ပေါင်းကူးတံတား ဖြစ်သည့်အလျောက် အာဆီယံဈေးကွက်နှင့်ချိတ်ဆက်ရန် ကြိုးပမ်းခြင်းလည်း ဖြစ်သည်။

ထို့အပြင် အိန္ဒိယစီးပွားရေးလုပ်ငန်းစုတခုဖြစ်သည့် The Adani Group က မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ပိုင် အလုံအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း(၂)ကို ကုန်စည်အများအပြားဝင်ရောက်နိုင်သည့် ဆိပ်ကမ်းတခုအဖြစ်ဖော်ဆောင်မည့်အစီအစဉ်ကို ပြီးခဲ့သည့် မေလကထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာအစိုးအနေဖြင့် ၎င်းအခွင့်အရေးများကို အမိအရဆုပ်ကိုင်၍ ပြည်ပစိတ်ဝင်စားမှု၊ ကူညီထောက်ပံ့မှုများ ပိုမိုဝင်ရောက်လာရန်လုပ်ဆောင်လျက်ရှိသည်။ တဖက်တွင်လည်း အကြွေးနွံနစ်၍ ကျန်ရစ်ခဲ့မည့်အရေးကို လည်း ချင့်ဆလျက်ရှိသည်။ စီမံကိန်းကြီးတခုလုံးကို အကြွေးရှင်ထံ ထိုးပေးရမည့်အခြေအနေမျိုးဖြစ်လာ မည်ကို စိုးရိမ်နေသည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၏ အရွယ်အစားကိုမူလအစီအစဉ်ထက် ခြောက်ပုံတပုံအထိ လျှော့ချပစ်ခဲ့သည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ စစ်တွေဆိပ်ကမ်းများမှာ တွက်ကိန်းအရ ဆွဲဆောင်မှုရှိသည့်စီမံကိန်းကြီးများဖြစ် သည်ဆိုသော်လည်း စီမံကိန်းများရှိရာ ရခိုင်ပြည်နယ်သည် မကြာမီနှစ်များအတွင်းက ARSA အကြမ်းဖက် ပြဿနာနှင့် ကြုံတွေ့ခဲ့ရသည်ဖြစ်ရာ ရင်းနှီးမြှုပ်နှံမှုပြုမည့် ပြည်ပနိုင်ငံများအတွက် စွန့်စားရမည့် အနေအထား တွင်ရှိနေပါသည်။

No comments:

Post a Comment