Saturday, July 6, 2019

ယူကလစ်ပင်တန်းလမ်း (သို့မဟုတ်) ဗျာပါဒလမ်းကလေး

ကျွန်တော်နေတဲ့ မြို့ကလေး နဲ့ စစ်တောင်းမြစ်ဘေး စပါးကျီ ရွာကြားမှာ လှပသာယာတဲ့ ယူက လစ်ပင်တန်း လမ်းကလေးတစ်ခု ရှိပါတယ်။ ဒီလမ်းကလေးပေါ်မှာ  မနက်စောစော နေ့စဉ်လိုလိုလမ်း လျှောက်ခဲ့တာ အခုဆိုရင်တစ်နှစ် ပြည့်ပါပြီ။ ဒီယူကလစ်ပင်တန်း လမ်း ကလေးက ကျွန်တော်နေတဲ့ ကျွဲပွဲ မြို့ကလေးနဲ့ စပါးကျီရွာကြား သုံး မိုင်ဝန်းကျင်ကွာဝေးတဲ့ခရီး တစ် ၀က်လောက်အရှည်ရှိတဲ့ လမ်းက လေးပါ။ မြို့ကလေးနဲ့တစ်မိုင်သာ သာလောက်အထိသာ ကျောက် ချောခင်း ယူကလစ်ပင်တွေ ဘေး နှစ်ဖက်ခြံရံထားပြီး စပါးကျီရွာ ဘက်ဆက်သွားတဲ့ အပိုင်းကျ တော့ မြေနီလှည်းလမ်း ဖြစ်ပါ တယ်။
ပြည့်စုံအောင် ပြောရရင် အဲဒီ ယူကလစ်ပင်တန်းအဆုံးနဲ့ စပါးကျီရွာကြားမှာ လူတစ်ကိုယ် စာ စက်ဘီးစီးလို့ရတဲ့ ကွန်ကရစ် လူသွားလမ်းတစ်ခု လမ်းရဲ့ဘယ် ဘက်အခြမ်းအစပ်မှာ စပါးကျီရွာ ရောက်တဲ့အထိ ခင်းထားတာ တော့ရှိပါတယ်။ ဒါပေမဲ့ အခု တော့ အဲဒီကွန်ကရစ်လမ်းကလေး က ပျက်တဲ့နေရာပျက်၊ ပြိုတဲ့နေ ရာပြိုမို့ ခြေကျင်လျှောက်တဲ့လူ လောက်ပဲ အသုံးပြုလို့ရပါတော့ တယ်။

ဒီယူကလစ်ပင်တန်း လမ်း ကလေးက တစ်ဖြောင့်တည်းမရှိ ပါဘူး။ မြို့ကလေးအထွက် ဆည် ရေသွင်း တာထိပ်ကနေပြီး စပါး ကျီရွာမရောက်ခင် လမ်းတစ်ဝက် လောက်ရောက်တဲ့အထိ ခပ် ကွေးကွေး၊ ခပ်ယိုင်ယိုင် လမ်းက လေးပါ။ လမ်းလျှောက်ပါများ တော့ ယူကလစ်ပင်အရေအတွက် ကို ရေကြည့်တဲ့အခါ အပင်ရေ ၂၀၀ ကျော်ရှိပါတယ်။ အရွယ်တူ၊  အမြင့်တူ၊ သဏ္ဌာန်တူ ယူကလစ် ပင်တွေ လမ်းကလေးနှစ်ဖက် ခြံ ရံထားတဲ့ လမ်းကလေးက ပန်းချီ ဆန်ပြီးလှပပါတယ်။ လမ်းက လေးရဲ့ ဘေးနှစ်ဖက်မှာတော့ အင်မတန်ကျယ်ပြောလှတဲ့ စပါး ခင်းတွေပတ်ချာလည် ၀ိုင်းနေပါ တယ်။ ဒီလမ်းကလေးမှာ တစ်ခါ တစ်ရံ အုတ်သယ်၊ သဲသယ်ကားတ ချို့ မောင်းတာကလွဲပြီး တခြား ဘယ်လိုကားမှလည်း မောင်းလေ့ မရှိပါဘူး။ တစ်နေ့တစ်နေ့ မော် တော်ဆိုင်ကယ် ဆယ်စီးခန့် အ သွား၊ အပြန် ဈေးသွားဈေးပြန်နဲ့ စက်ဘီးတချို့သာ သွားလာနေ တာများပါတယ်။ ဒါကြောင့်မို့ လေကောင်းလေသန့်လည်းရ၊ ပတ်ဝန်းကျင်ကလည်း ကျယ် ပြောလှပကာ    ရထားအန္တရာယ် လည်း ကင်းတာမို့ ဒီလမ်းကလေး မှာ မနက်ခင်းတိုင်း လမ်းလျှောက် ခဲ့တာ တစ်နှစ်ရှိခဲ့ပါပြီ။

ပထမဦးစွာ ပြောပြချင်တာ က ဒီယူကလစ်ပင်တန်းလမ်းက လေး သာယာလှပမှုပါပဲ။ မနက် ၅နာရီ အလင်းရောင် ရောက် လာခါစမှာ ဒီလမ်းကလေးပေါ်  ကျွန်တော်တစ်ယောက်တည်း ရောက်လာလေ့ရှိပါတယ်။ လတ် ဆတ်သင်းပျံ့တဲ့လေကို ရှူရှိုက် ရင်း ခြေလှမ်းမှန်မှန် လျှောက်လာ တဲ့အခါ ကျွန်တော်နဲ့ ရင်ပေါင် တန်းပြီး ယူကလစ်ပင်အဖျားတွေ ပေါ် တကျီကျီအော်ရင်း ကျော် ဖြတ်သွားတဲ့ ကြက်တူရွေးတစ် အုပ်ကိုလည်း တွေ့ရတတ်ပါ တယ်။ အုပ်စုလိုက် ပျံသန်းလာကြ တဲ့ ဗျိုင်းနဲ့တင်ကျီးငှက်တွေ စစ် တောင်းမြစ်ဘက် ပျံသန်းသွားကြ တာကတော့ ကြည်နူးဖို့လည်း ကောင်း၊ လွမ်းဖို့လည်းကောင်းပါ တယ်။ ယူကလစ်ပင်တန်း လမ်း ကလေး အလည်လောက်ရောက် လို့ နောက်ကိုပြန်ကြည့်ရင် အပြာ ရောင်သမ်းတဲ့ ပဲခူးရိုးမကို တောင် မြောက်တန်းလျက် တွေ့နေရပါ တယ်။ လမ်းကလေး ခါးလိမ်ပြီး ကွေ့သွားတဲ့နေရာ မြေနီလမ်းအ စပ်ကနေ အရှေ့ဘက်ကိုကြည့် ရင် တိမ်ရောင်စုံအောက်ကအရှေ့ ရိုးမကြီးကို မြင်ရမှာပါ။ ဒီယူက လစ်ပင်တန်း လမ်းကလေးကို ကျွန်တော် စွဲလမ်းနှစ်သက်နေမိ တာ ဒီလိုအခြေအနေတွေကြောင့် ပါပဲ။

ဒါပေမဲ့ အဲသလိုသာယာချစ် မက်ဖို့ကောင်းတဲ့ရသကို ခံစားရ တယ်ဆိုပေမယ့် နောက်ထပ်ရသ တစ်ခုကလည်း အမြဲလိုလို ကပ် ငြိနေပါသေးတယ်။ အဲဒါကတော့ ဗျာပါဒသောက ခံစားမှုဖြစ်ပါ တယ်။

ဥပမာတစ်ခုပြောရရင် ကျွန် တော်ဒီကနေ့ မနက်ဝေလီဝေ လင်း လမ်းကလေးဆီရောက်သွား တော့ အသက် (၅၀) ၀န်းကျင်ရှိ မယ်ထင်ရတဲ့ ပိန်ပိန်ပါးပါး အမျိုး သမီးတစ်ဦးနဲ့ တွေ့ပါတယ်။ သူ က မနက်စောစော ဒီလိုအချိန် ဒီ လမ်းကလေးပေါ် ကန်စွန်းရွက် စည်းကြီးတစ်ခု မနိုင်မနင်းခေါင်း ပေါ်ရွက်ရင်း မြို့ကလေးရဲ့ဈေး ကိုသွားရောင်းဖို့ လျှောက်လာတဲ့ သူပါ။ သူ့မှာ သမီးဖြစ်ဟန်တူတဲ့ အသက် (၂၀) အရွယ်မိန်းကလေး တစ်ဦးလည်း သူလိုပဲကန်စွန်းရွက် စည်းရွက်ရင်း အတူတူပါလာလေ့ ရှိပါတယ်။ တစ်ခါတလေ သူတို့ နှစ်ဦး လမ်းခုလတ်ဇရပ်ဘေးက ကွပ်ပျစ်ပေါ် ပြေကျလာတဲ့ ကန် စွန်းရွက်စည်းတွေခဏချပြီး ကြိုး နဲ့ပြန်တုပ်တဲ့အခါ၊ ခေါင်းပေါ် မ နိုင်မနင်း ရွက်တင်တဲ့အခါ မနေ သာတဲ့ ကျွန်တော်ကအမြဲလိုလို ကူပြီးမတင်ပေးရတတ်ပါတယ်။

ဒီနေ့တော့ အသက်ကြီးတဲ့အမျိုး သမီးတစ်ယောက်တည်းပဲတွေ့ လို့ မေးကြည့်တော့ သူနဲ့ပါလာလေ့ ရှိတဲ့ကောင်မလေးက ကျောက် ကပ်ရောဂါနဲ့ဆုံးသွားတာ နှစ်ရက် ရှိပြီလို့ ပြောပါတယ်။ သြော်... ကျောက်ကပ်ရောဂါသည် မိန်းက လေးတစ်ယောက်ဟာ မနက်ဝေ လီဝေလင်းအချိန်တိုင်း သုံးမိုင်နီး ပါးဝေးတဲ့ မြို့ကလေးဈေးကိုကန် စွန်းရွက်စည်းကြီး မနိုင်မနင်းရွက် ရင်း နေ့တိုင်းသွားနေခဲ့ရပါလား လို့ တွေးမိတဲ့အခါ ကျွန်တော့်မှာ ဆက်မတွေးနိုင်လောက်အောင်  စိတ်မကောင်းဖြစ်ရပါတယ်။

ဒီယူကလစ်ပင်တန်း လမ်း ကလေးပေါ်မှာ ကျွန်တော်နဲ့အချိန် ကိုက် ဝေလီဝေလင်းအချိန် ကျွန် တော်နေတဲ့ ကျွဲပွဲမြို့ဈေး ဈေး ရောင်းလာကြတဲ့ ဈေးသည်တွေ ဆယ့်ငါးယောက်လောက် ရှိပါ တယ်။ အသက် (၃၀) ၀န်းကျင် လင်မယားနှစ်ယောက်ဆိုရင် ငယ်ရွယ်သန်မာတဲ့အရွယ် ဖြစ် တာမို့ ကျွန်တော့်ဘေးက ဖြတ် သွားတဲ့အခါ သူတို့အသက်ရှူသံ၊ သူတို့ခြေနင်းသံကို အတိုင်းသား  ကြားရတတ်ပါတယ်။ တစ် ယောက်တလေကတော့ စက်ဘီး လေး ကချောက်ကချက်စီးပြီး  လာကြပါတယ်။ တစ်ခါကများ ကျွန်တော်နဲ့ ပေနှစ်ဆယ်အကွာ လောက်မှာ စက်ဘီးလဲသံကြားလို့  လှည့်ကြည့်တော့ ကန်စွန်းရွက် စည်းကြီး စက်ဘီးကယ်ရီယာခုံ ပေါ် တနင့်တပိုးတင်ပြီး စက်ဘီး ခနော်ခနဲ့စီးလာတဲ့ မိန်းကလေး တစ်ဦး စက်ဘီးတခြား၊ လူတခြား လမ်းပေါ်လဲကျနေတာ တွေ့ပါ တယ်။ မိန်းကလေးဖြစ်တာမို့ လူ သူမရှိတဲ့နေရာ ချက်ချင်းသွားမကူ ညီရဲဘဲ စောင့်ကြည့်တော့ တော် တော်နဲ့ ပြန်ထမလာတာတွေ့လို့  ပြေးကြည့်ရပါတယ်။ ညာဘက် လက်ကျိုးသွားဟန်တူတဲ့ အဲဒီမိန်း ကလေးဟာ လမ်းဘေးလယ်ကွင်း အစပ်ချိုင့်ထဲက လူးလဲထလာပြီး ငိုယိုနေလို့ လမ်းဆက်မလျှောက် တော့ဘဲ ဆေးရုံပို့ဖို့ ကူညီခဲ့ပါ တယ်။

မှန်ပါတယ်။  ဒီယူကလစ်ပင် တန်း လမ်းကလေးဟာ လှပါ တယ်။ သာယာပါတယ်။ ယူက လစ်ပင်တန်း လမ်းကလေးပေါ် မနက်စောစော ရောက်လာလေ့ရှိ တဲ့ လူတွေရဲ့ဘ၀ကတော့ လမ်း ကလေးလို မလှနိုင်ကြပါဘူး။ လဲ ကျသေဆုံးသွားတဲ့နေ့အထိ ကန် စွန်းရွက်စည်းကြီး မနိုင်မနင်း ရွက်  လာရတဲ့ ကျောက်ကပ်ရောဂါ သည် မိန်းကလေးလိုပဲ ဘ၀အ ခက်အခဲတွေက ၀န်ထုပ်ဝန်ပိုးကြီး  လှပါတယ်။ ဒါကြောင့်မို့ ကျွန်တော်က ဒီ ဆောင်းပါးရဲ့အမည်ကို ‘ယူက လစ်ပင်တန်းလမ်း (သို့မဟုတ်) ဗျာပါဒလမ်းကလေး’ လို့ ခေါင်း စဉ်ပေးလိုက်တာပါပဲ။

No comments:

Post a Comment