Saturday, July 6, 2019

အင်တာနက်ဖြတ်တောက်မှုနှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ(၇၇)

မြန်မာအစိုးရသည် ချင်း ပြည်နယ် ပလက်ဝ မြို့နယ်နှင့် ရခိုင် ပြည်နယ်မြောက်ပိုင်းရှိ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံမြို့နယ်တို့ကို မိုဘိုင်းအင်တာနက် ဖြတ်တောက်ခဲ့သည်မှာ ဇွန်လ ၂၉ ရက် ညတွင် ရှစ်ရက်တိုင်ခဲ့ပြီ ဖြစ်သည်။ ယင်းသို့ အင်တာနက်ကွန် ရက်ဖြတ်တောက်ခဲ့ပြီး ခြောက်ရက်အကြာတွင် ဖေ့စ်ဘွတ်ခ်လူမှု ကွန်ရက်နှင့် တွစ်တာလူမှုကွန် ရက်စာမျက်နှာပေါ်၌ #Stop-InternetShut DownMM ဟူသော ကမ်ပိန်းတစ်ခု ထွက်ပေါ် လာသည်။



မြို့နယ်ကိုးခုကို မိုဘိုင်းအင် တာနက်ကွန်ရက် ချက်ချင်းပြန် ဖွင့်ပေးရန် တောင်းဆိုသည့် စာသားများကို အထက်ပါ #Stop-Internet ShutDownMM နှင့် တွဲဖက်တင်ဆက်သည့် ကမ်ပိန်း ဖြစ်သည်။ အဆိုပါကမ်ပိန်းသည် လက်ရှိအချိန်၌ လူသိနည်းနေ သော်လည်း အရပ်ဘက်အဖွဲ့အ စည်းတစ်ခုက တည်ထောင်ထားသည့် ‘အင်တာနက်ဖြတ်တောက် မှုရပ်’ အမည်ရှိ ဖေ့စ်ဘွတ်ခ်ပေ့ခ်ျ သည် ရက်ပိုင်းအတွင်း လူသိများ လာသည်။

အဆိုပါဖေ့စ်ဘွတ်ခ်ပေ့ခ်ျ သည် သံရုံးများ၊ နိုင်ငံတကာအဖွဲ့ အစည်းများ၊ လွှတ်တော်ဆိုင်ရာနှင့် အရပ်ဘက်အဖွဲ့အစည်းများ က ထုတ်ပြန်သည့် ကြေညာချက် များအပါအ၀င် သတင်းမီဒီယာ များက ရေးသားဖော်ပြသည့် မြို့ နယ် ကိုးခုဆိုင်ရာ အင်တာနက် ဖြတ်တောက်မှုနှင့် သက်ဆိုင် သည်များကို စုစည်းဖော်ပြပေး သည်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၇၇

ဇွန်လ ၂၁ ရက် ည ၁၀ နာရီက စတင်ကာ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ မြို့နယ်ကိုးခုကို မိုဘိုင်းအင်တာနက်ကွန်ရက် ဖြတ်တောက်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ဆက်သွယ်ရေးအော်ပရေတာ များကို တိုက်ရိုက်ညွှန်ကြားခဲ့ သည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်​ရေးဝန်ကြီးဌာနသည် ၂၀၁၃ တွင် ပြဋ္ဌာန်းခဲ့သည့် ဆက်သွယ်ရေးဥပ ဒေပုဒ်မ ၇၇ ကို အခြေခံ၍ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်ကိုးခုကို မိုဘိုင်းအင်တာနက် ကွန်ရက် ဖြတ်တောက်ခဲ့ခြင်းဖြစ် သည်။

ဆက်သွယ်ရေးဥပဒေပုဒ်မ  ၇၇ တွင် ‘၀န်ကြီးဌာနသည် အများပြည်သူအကျိုးအတွက် ဆောင် ရွက်ရန် အခြေအနေပေါ်ပေါက် သည့်အခါ အစိုးရ၏ သဘောတူညီချက်ဖြင့် ဆက်သွယ်ရေးဝန် ဆောင်မှုလုပ်ငန်းအား ယာယီရပ် ဆိုင်းရေး၊ ဆက်သွယ်မှုအမျိုးအ စား တစ်ရပ်ရပ်ကို မပြုလုပ်ရေး၊ တားဆီးထိန်းသိမ်းထားရှိရေး၊ လိုအပ်သည့် သတင်းအချက်အ လက်နှင့် ဆက်သွယ်မှုများကို ရရှိ နိုင်ရေး၊ ဆက်သွယ်ရေးဝန်ဆောင် မှုလုပ်ငန်းများနှင့် ဆက်သွယ်ရေး ပစ္စည်းများကို ယာယီထိန်းချုပ် သုံးစွဲရေးတို့အတွက် လုပ်ငန်း လိုင်စင်ရရှိသူအား ညွှန်ကြားနိုင် သည်’ ဟု ဖော်ပြထားသည်။

မြို့နယ်ကိုးခုကို မိုဘိုင်းအင် တာနက် ဖြတ်တောက်ရန် ညွှန် ကြားချက်သည် ၂၀၁၃ ဆက်သွယ် ရေးဥပဒေပြဋ္ဌာန်းခဲ့ပြီးနောက် ဥပဒေပါပုဒ်မ ၇၇ ကို အစိုးရက ပထမဆုံး အသုံးပြုခဲ့ခြင်းဖြစ်သည်။ ဆက်သွယ်ရေးဥပဒေပုဒ်မများ အနက် ၆၆ (ဃ)ကိုသာ လူသိများ ပြားပြီး ပုဒ်မ ၇၇ ကို လူသိနည်း သည်။

ဆက်သွယ်ရေးနည်းပညာ ဆိုင်ရာများကို ယခင် အီလက်ထရွန်နစ်ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေဖြင့် အစိုးရက ထိန်းချုပ်ခဲ့သော်လည်း ၂၀၁၃ တွင် ဆက် သွယ်ရေးဥပဒေကို  ပြဋ္ဌာန်းထိန်းချုပ်ခဲ့သည်။ ၂၀၁၃ က စတင်၍  အစိုးရနှစ်ဆက်သည်ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ကို တွင်ကျယ် စွာအသုံးပြုခဲ့သည်။

ပုဒ်မ ၆၆(ဃ) သည် ဝေဖန်ခံ ရမှုများပြားလာသည့်အခါ အရပ် သားအစိုးရသစ်သည် ၂၀၁၇ သြဂုတ်တွင် ဆက်သွယ်ရေးဥပဒေ ကို ပြင်ဆင်သည့် ဥပဒေပြဋ္ဌာန်း ခဲ့သည်။ အဆိုပါဥပဒေသည် ပုဒ်မ ၆၆ ၏ ပုဒ်မခွဲအချို့ ပြင်ဆင် ပေးခဲ့သော်လည်း အရပ်ဘက်အ ဖွဲ့အစည်းများက တောင်းဆိုသည် နှင့် တစ်ထပ်တည်းမကျခဲ့ကြောင်း နည်းပညာဆိုင်ရာ အရပ်ဘက်အ ဖွဲ့အစည်း MIDO မှ မရတနာက ပြောသည်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) အပြင် အခြားပုဒ်မများ၊ အထူးသဖြင့် အင်တာနက်ကွန် ရက်ကို ဖြတ်တောက်နိုင်သည့် ၇၇  ၊ ၇၈ ကဲ့သို့သော ပုဒ်မများ ပြင်ဆင်ရန်လည်း ယခင်ကတည်း က တောင်းဆိုခဲ့သည်ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ မြို့နယ်ကိုးခုသည် လက်ရှိအချိန်၌ မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့  (AA) တို့တိုက်ပွဲဖြစ်ပွားနေသည့် မြို့နယ်များဖြစ်သည်။ အဆိုပါမြို့နယ် များကို မိုဘိုင်းအင်တာနက် ယာယီ ဖြတ်တောက်ခြင်းသည် နယ်မြေအေးချမ်းရေး၊ တရားဥပဒေစိုးမိုး ရေးနှင့် အများပြည်သူအကျိုးကို ထိခိုက်စေသောကြောင့် ဖြစ်သည် ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်း ၀န် ဦးစိုးသိန်းက ပြောသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာနက ဆက်သွယ်ရေး အော်ပရေတာများကို ပေးပို့သည့် ညွှန်ကြားစာတွင် ယာယီရပ်ဆိုင်း ကာလ ပါဝင်ခြင်းမရှိပေ။ အင်တာနက်ကွန်ရက် ဖြတ်တောက်မှု ယာယီရပ်ဆိုင်းကာလသည် အ ခြေအနေပေါ် မူတည်သည်ဟု ဦးစိုးသိန်းက ပြောသည်။

အင်တာနက်မရခြင်း အခက်အခဲများ

မိုဘိုင်းအင်တာနက်အသုံး ပြုခွင့် ပိတ်ပင်ခြင်းသည် ရခိုင်ပြည်သူများကို သတင်းအမှောင်ချ ရန်နှင့် လူအခွင့်အရေးချိုးဖောက် မှုကို ဖုံးကွယ်ရန် ဖြစ်သည်ဟု ကျောက်တော်မြို့နယ်ရှိ စစ်ဘေး ဒုက္ခသည်များအရေး ကူညီဆောင် ရွက်ပေးနေသူ ကိုဇော်ဝင်းက ပြောသည်။

‘‘ဒီလိုပြဿနာဖြစ်တဲ့ နေရာ မှာ အင်တာနက်မရတော့ ပိုဆိုးတာပေါ့။ တစ်ခုခုဖြစ်ပြီဆိုရင် ကောလာဟလ သတင်းတွေနဲ့ ပက်သက်လို့ ဖြေရှင်းနေရတာ တော်တော်ဆိုးတယ်။ တစ်ရက် တစ်ရက် ကြောက်စရာကောင်းတဲ့ အလန့်တကြား ကောလာဟလ တွေပဲ လိုက်ရှင်းနေရတယ်။ မဟုတ်ဘူးဆိုတာ သိရင်တောင်မှ ဟုတ်သွားရင်ကောဆိုပြီး လိုက်မေး၊ လိုက်စုံစမ်းနဲ့ တော်တော် အလုပ်ရှုပ်ရတယ်’’ ဟု ကိုဇော်ဝင်း က ပြောသည်။

ရခိုင်ပြည်နယ်အတွင်း မို ဘိုင်းအင်တာနက်ကွန်ရက်ဖြတ် တောက်ခြင်းကြောင့် ဒေသခံများ အသုံးပြုနေသည့် Wave Money ငွေလွှဲဝန်ဆောင်မှုနှင့် နိုင်ငံရပ်ခြား ရောက်ရှိနေသည့် မိသားစုဝင်များအကြား အင်တာနက် Video Call ပြောဆိုနိုင်မှုသည် အရေးပေါ် အခက်အခဲဖြစ်နေကြောင်း ရခိုင်ပြည်နယ် လွှတ်တော်ကိုယ် စားလှယ် ဦးလှသိန်းအောင်က ပြောသည်။

မင်းပြားမြို့နယ်ရှိ ကုမ္ပဏီ အရောင်းဝန်ထမ်းတစ်ဦးက ‘‘အင်တာနက်မရတော့ တော်တော်ထိ ခိုက်တာပေါ့ဗျာ။ လူမှုရေးကိစ္စတွေရော၊ အလုပ်ကိစ္စတွေရော အကုန်လုံး ထိခိုက်တယ်။ ကျွန်တော်တို့ဆိုရင် ပိုဆိုးတယ်။ တစ်ရက်တစ်ရက် ရောင်းရတဲ့ စာရင်း ကို ပုံမှန် တင်ပေးရတယ်။ အခုအင်တာနက်မရတော့ တင်လို့အဆင်မပြေဘူး။ စစ်တွေမှာ ရ တော့ စစ်တွေကို ဖုန်းဆက်ပြီး တစ်ခေါက် လှမ်းပြောရတယ်။ အလုပ်ရှုပ်သွားတာပေါ့။ လွယ်လွယ်နဲ့ ပြီးမယ့်ကိစ္စကို။ အမြန်ဆုံး အင်တာနက်ရအောင် ပြန်လုပ်ပေးစေ ချင်တယ်’’ ဟု ပြောသည်။

အစိုးရက မိုဘိုင်းအင်တာ နက်ကွန်ရက်မဖြတ်တောက်မီက အဆိုပါဒေသများမှ ပြည်သူများ သည် တိုက်ပွဲများအကြောင်း၊ စားနပ်ရိက္ခာနှင့် ဒေသလိုအပ် ချက်များအကြောင်းကို မိုဘိုင်းအင်တာနက်အသုံးပြု၍ လူမှုကွန်ရက်တွင် သတင်းအချက်အလက် တင် ဆက်နေသည်ဟု ရခိုင်တိုင်း ရင်းသားမျိုးနွယ်စုများ အစည်းအ ရုံးဥက္ကဋ္ဌ ဦးရွှေဘော်စိန်က ပြော သည်။

‘‘မိသားစုတစ်စုနဲ့တစ်စုရယ် နယ်မြေဒေသ တစ်ခုနဲ့ တစ်ခုရဲ့ အဆက်အသွယ်က ပြတ်တောက် ပြီဆိုတော့ အခက်အခဲတော့ရှိမှာ ပေါ့။ ဖုန်းကလည်း သိပ်တော့ အဆင်မပြေဘူး။ လိုင်းက တက်လိုက် ကျလိုက် ဖြစ်နေတဲ့အခါ ကျတော့။ ကျန်းမာရေးနဲ့ပတ် သက်လို့ နယ်မြေတစ်ခုနဲ့ တစ်ခု တစ်စုံတစ်ခု ဖြစ်တယ်ဆိုလို့ရှိရင် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက အစ မိသားစုတွေကို ဆက်သွယ် ရေးဟာ အင်မတန်မှ နှောင့်နှေး သွားမှာ ဖြစ်တယ်’’ ဟု ၎င်းက ပြောသည်။

အလှူရှင်များက စစ်ဘေးဒုက္ခသည်များအတွက် ထောက်ပံ့လိုသည့်အခါ ဒေသတွင်း ၀င်ထွက်သွားလာရန် ခက်ခဲသဖြင့် အရပ်ဘက်အဖွဲ့အစည်းများကို ဆက်သွယ်လေ့ရှိကြောင်း၊ မိုဘိုင်းအင်တာနက်ကွန်ရက် ပြတ်တောက်သွားသဖြင့် အရပ်ဘက် အဖွဲ့အစည်းများအနေနှင့် လိုအပ် ချက်ရှိသော နေရာနှင့်သက်ဆိုင် သည့် အချက်အလက်ရရှိရန် ခက် ခဲသွားကြောင်း ဦးရွှေဘော်စိန်က ပြောသည်။

‘‘ကျန်းမာရေးနဲ့ပတ်သက်လို့ အခုဆိုရင် မိုးရာသီကာလဖြစ် တယ်။ စားရေးသောက်ရေးက လည်း အခက်အခဲဖြစ်နေကြ တယ်။ နေရေးထိုင်ရေး အမိုးအ ကာအောက်ကိုလည်း လုံလုံခြုံခြုံ မရောက်ကြသေဘူး။ ဖုန်းလိုင်း ကလည်း ပြတ်တယ်ဆိုလို့ရှိရင် ပြည်သူတွေရဲ့ ဆက်သွယ်ရေး လမ်းကြောင်းက ပြတ်တောက်နေ တဲ့အတွက် ပြည်သူတွေအတွက် အခက်အခဲ ကြုံရမှာဖြစ်တယ်’’ဟု ၎င်းက ပြောသည်။

မိုဘိုင်းအင်တာနက် ဖြတ် တောက်ခြင်းသည် တပ်မတော် က ပြည်နယ်အတွင်း ဖြစ်ပျက်နေ သော ပကတိအခြေအနေကို အ မှောင်ချရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ရခိုင် လက်နက်ကိုင်အဖွဲ့ (AA)က ဇွန်လ ၂၄ ရက်တွင် ထုတ်ပြန်ကြေညာ ခဲ့သည်။

အင်တာနက်ဝန်ဆောင်မှု များ ယာယီဖြတ်တောက်ခြင်း သည် တပ်မတော်က ဆောင်ရွက် ခိုင်းခြင်း မဟုတ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။ သတင်းအမှောင်ချသည် ဆိုခြင်း မှာ စွပ်စွဲမှုသာဖြစ်သည်ဟု ၎င်းက ပြောသည်။

‘‘သတင်းအမှောင်ချဖို့ နေနေသာသာ မီဒီယာတွေနဲ့ ဆက်သွယ်ဆက်ဆံနေတာ။ သတင်းတောင် အရင်တုန်းက မထုတ်ပြန်ခဲ့တဲ့ ဟာတွေ ထုတ်ပြန်ပေးနေတယ်။ သတင်းစာရှင်းလင်းပွဲတွေ လုပ်ဆောင်ပေးနေတယ်။ ဒါနဲ့ပတ် သက်ပြီး လုပ်ဆောင်စရာ အ ကြောင်းမရှိပါဘူး’’ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။ သို့ သော် အင်တာနက်အသုံးပြု၍ လူမျိုးရေး အမုန်းပွားအောင် လုပ်ဆောင်မှုများ ရှိနေသည်ကိုမူ သတိထားမိကြောင်း ၎င်းက ပြော သည်။

စစ်ပွဲများဖြစ်ပွားနေပြီး လူဦး ရေ တစ်သန်းကျော်နေထိုင်သည့် အဆိုပါမြို့နယ်ကိုးခုတွင် မိုဘိုင်းအင်တာနက် ဖြတ်တောက်ပြီး နောက် အဆိုပါဒေသ၌ ဖြစ် ပွားနေသည့် သတင်းအချက်အလက်များကို လူမှုကွန်ရက်စာမျက်နှာတွင် မြင်တွေ့ရမှုမရှိတော့သည်ကို သတိပြုမိသည်ဟု မရတနာက ပြောသည်။

မြို့နယ်ကိုးခုတွင် မိုဘိုင်း အင်တာနက်ကွန်ရက် ဖြတ် တောက်ခဲ့သည်နှင့်ပတ်သက်၍ ဆက်သွယ်ရေးအော်ပရေတာ လေးခုအနက် တယ်လီနောတစ်ခု ကသာ တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။ ၎င်းတို့၏ ထုတ်ပြန်ချက်တွင် အင်တာနက်ကွန်ရက် ပိတ်သိမ်းခြင်း အကြောင်းအရင်း ကို ရှင်းလင်းစွာ သိရှိနိုင်ရေး ကြိုး စားနေသည်ဟု ဖော်ပြထားသည်။

ကွန်ရက်ပိတ်သိမ်းမှုအချိုး အစား၊ ကန့်သတ်ချက်၊ အထူး သဖြင့် ကျယ်ပြန့်မှုနှင့် ကြာချိန် တို့ကို ဦးစားပေး၍ ၀န်ကြီးဌာန တာဝန်ရှိသူများနှင့် ဆွေးနွေးမည် ဟု တယ်လီနောက ကြေညာထား သော်လည်း ဆွေးနွေးမှုရလဒ်များ နှင့် ပတ်သက်၍ ထုတ်ပြန်နိုင်သည့် အဆင့်မရှိသေးကြောင်း  အဆိုပါ အော်ပရေတာ ပြန်ကြားရေးတာ ၀န်ခံက ပြောသည်။

ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏တောင်းဆိုမှု

မြို့နယ်ကိုးခုကို အင်တာ နက်ဖြတ်တောက်မှုနှင့် ပတ်သက်၍  ဒစ်ဂျစ်တယ်အခွင့်အရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်း ၁၁ ခုက ဇွန်လ ၂၅ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ အချက်သုံး ချက် တောင်းဆိုခဲ့သည်။

အထက်ပါ မြို့နယ်ကိုးခုတွင် အင်တာနက်နှင့် တယ်လီဖုန်း ဆက်သွယ်မှု အပြည့်အ၀ရရှိရေး ချက်ချင်း လုပ်ဆောင်ပေးရန်၊ ဆက်သွယ်ရေးဥပဒေပါ အင်တာနက်ဝန်ဆောင်မှု ဖြတ်တောက် ခြင်းနှင့် သက်ဆိုင်သည့် ပုဒ်မ ၇၇၊ ၇၈ တို့ကို လူ့အခွင့်အရေးစံနှုန်းများနှင့်အညီ ပြန်လည်သုံးသပ် ပြင်ဆင်ရန်၊ အင်တာနက်နှင့် ဆက်သွယ်ရေးကွန်ရက်ကို ဖြတ်တောက်ခြင်း၊ မြန်နှုန်းလျှော့ချခြင်း ကို လာမည့် ရွေးကောက်ပွဲကာလ အတွင်း၌သော်လည်းကောင်း၊ လက်နက်ကိုင်ပဋိပက္ခဖြစ်သည့် ဒေသနှင့်  မြန်မာရှိ အခြားဒေသ များတွင်သော်လည်းကောင်း၊ လက်ရှိ မိုဘိုင်းအင်တာနက်ကွန် ရက်ဖြတ်တောက်ထားသည့် မြို့ ကိုးခု၌သော်လည်းကောင်း လုံးဝ မပြုလုပ်ရန် တောင်းဆိုခဲ့သည်။

တောင်းဆိုသည့် အဖွဲ့အစည်း ၁၁ ခုတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်း မြန်မာ၊ ဖွံ့ဖြိုးမှုအတွက် မြန်မာအိုင်စီတီ အဖွဲ့၊ မြန်မာ့စီးပွားရေးကဏ္ဍ တာ ၀န်ယူမှုရှိရေးအထောက်အကူပြု ဌာန၊ ဖန်တီးရာ၊ ဒေါ်အိမြတ်နိုး ခင် (Digital Rights Activist)၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ခွင့်လှုပ်ရှားမှုအဖွဲ့၊ ဒီမိုကရေစီဖွံ့ ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင် ရွက်မှုကော်မတီ၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း၊ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့၊ လောကအလင်းနှင့် Mandalay Federalism Institute အစရှိသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း များပါဝင်သည်။

အစိုးရအနေဖြင့် မိုဘိုင်းအင် တာနက်ကွန်ရက်ဖြတ်တောက် ခြင်းသည် လူ့အခွင့်အရေးကို ချိုးဖောက်ရာ ရောက်ကြောင်း၊ ဒေသခံပြည်သူများ သတင်းအချက်အ လက်ရယူနိုင်မှုနှင့် အရေးပေါ်ဝန် ဆောင်မှုအတွက် ဆက်သွယ်နိုင် မှုကို ထိခိုက်စေကြောင်း ဒစ်ဂျစ် တယ်အခွင့်အရေး ဆောင်ရွက် နေသည့် ယင်းအဖွဲ့အစည်းများ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

လက်နက်ကိုင်ပဋိပက္ခဖြစ် ပွားရာ ဒေသ၌ အင်တာနက်ကွန် ရက်ဖြတ်တောက်ခြင်းသည် ဒေသ ခံပြည်သူများ လုံခြုံရေး စိုးရိမ်ဖွယ် ရာဖြစ်ကြောင်း အစိုးရက မိုဘိုင်း အင်တာနက်ကွန်ရက် ဖြတ် တောက်သည့် မြို့နယ်ကိုးခုတွင် သန်းခေါင်စာရင်းအရ လူဦးရေ တစ်သန်းကျော် နေထိုင်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ထုတ်ပြန်ကြေညာသည်။

ထို့ပြင် ယင်းကိစ္စနှင့် ပတ် သက်၍ ကုလသမဂ္ဂလက်အောက် ခံအဖွဲ့အစည်းအချို့နှင့် မြန်မာ နိုင်ငံဆိုင်ရာ ဆွီဒင်သံရုံးတို့က ကြေညာချက်အသီးသီးထုတ်ပြန် ခဲ့ပြီးဖြစ်သည်။ လူ့အခွင့်အရေး လှုပ်ရှားသည့် INGO အဖွဲ့အစည်း အချို့လည်း ကြေညာချက်ထုတ် ပြန်ခဲ့ပြီး လန်ဒန်အခြေစိုက် The Guardian သတင်းစာနှင့် အခြား ပြည်ပမီဒီယာ အချို့ကလည်း သတင်းရေးသားဖော်ပြခဲ့သည်။

အင်တာနက်ကွန်ရက် ဖြတ် တောက်ခြင်းသည် တတိယကမ္ဘာ စစ်ဖြစ်ခဲ့လျှင်ပင် ဖြတ်တောက်ရ မည် မဟုတ်ကြောင်း လွတ်လပ် သော ထုတ်ဖော်ပြောဆိုခြင်း မြန်မာမှ ဒေါ်ယဉ်ရတနာသိန်းက ကု လသမဂ္ဂအဖွဲ့အစည်း၏ ၂၀၁၅ ကြေညာချက်တစ်ခုကို ကိုးကား၍ ပြောသည်။

ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်ကလည်း  ပြည်နယ်အတွင်း ယာယီ ဖြတ်တောက်ထားသည့် မိုဘိုင်း အင်တာနက်လိုင်းများကို အမြန် ဆုံး ပြန်လည်အသုံးပြုခွင့်ပေးရန် ပြည်နယ်အစိုးရမှ တစ်ဆင့် ပြည် ထောင်စုအစိုးရသို့ တိုက်တွန်း ကြောင်း အရေးကြီးအဆိုကို ဇွန်လ ၂၄ ရက်တွင် ရခိုင်ပြည်နယ် လွှတ်တော်သို့ တင်သွင်းခဲ့သည်။

အဆိုပါအဆိုကို ပြည်နယ်လွှတ်တော်က ဆွေးနွေးအတည်ပြုခဲ့ကြောင်း၊ မိုဘိုင်းအင်တာနက် ကွန်ရက် ပြန်လည်ဖွင့်ပေးခြင်း၊ ဖွင့်မပေးခြင်းသည် ပြည်ထောင်စုအစိုးရနှင့်သာ သက်ဆိုင်ကြောင်း ဦးလှသိန်းအောင်က ပြောသည်။

ဇွန်လ ၂၉ ရက်တွင် နိုင်ငံ တော်သမ္မတရုံးက ဦးစီး၍ ၂၀၂၀ နှင့်  လူမှုကွန်ရက်ဆွေးနွေးပွဲကို ကျင်းပခဲ့သည်။  မြို့နယ်ကိုးခု၌ မိုဘိုင်းအင်တာနက် ဖြတ်တောက် ခြင်းသည် မဖြစ်သင့်သည့် ကိစ္စရပ် ဖြစ်ပြီး မှန်ကန်သော ဖြေရှင်း နည်းမဟုတ်ဟု ဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးသည့် ပညာရှင် များနှင့် ဆွေးနွေးပွဲတက်ရောက် လာသည့် အရပ်ဘက်အဖွဲ့အ စည်းများက ဝေဖန်ထောက်ပြခဲ့ သည်။ သမ္မတရုံးတာဝန်ရှိသူများ ကမူ အဆိုပါကိစ္စရပ်ကို တစ်စုံ တစ်ရာ  ဝင်ရောက်ဆွေးနွေးခြင်း မရှိခဲ့ပေ။ လက်ရှိအချိန်တွင် အရပ်ဘက်အဖွဲ့အစည်းအချို့သည် မြို့နယ်ကိုးခု၌ အင်တာနက်ကွန်ရက် ပြန်လည်ရရှိရေး ဆက်သွယ်ရေး အော်ပရေတာများနှင့် တွေ့ဆုံ ဆွေးနွေးအဖြေရှာရန် ကြိုးစားနေ သည်ဟု  ဒေါ်ယဉ်ရတနာသိန်းက ပြောသည်။

No comments:

Post a Comment