Saturday, July 6, 2019

တစ်နိုင်ငံလုံးတွင် မြန်မာယူနီကုဒ်စနစ် ပြောင်းလဲအသုံးပြုနိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်မည်

တစ်နိုင်ငံလုံးတွင် မြန်မာယူနီကုဒ်စနစ် ပြောင်းလဲအသုံးပြုနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်ဒုတိယဥက္ကဋ္ဌဌ ဒေါက်တာထွန်းသူရသက်က ပြောကြားသည်။နိုင်ငံတကာ စံချိန်စံညွှန်းနှင့်ကိုက်ညီသော မြန်မာယူနီကုဒ်စနစ်ကို အောက်တိုဘာ ၁ ရက်တွင် တစ်နိုင်ငံလုံး ပြောင်းလဲအသုံးပြုနိုင်ရန် ဇူလိုင် ၅ ရက်က ရန်ကုန်မြို့ MICT Park ၌ ကျင်းပသော ယူနီကုဒ်သုံး မြန်မာစာစနစ် ပြောင်းလဲအသုံးပြုရေး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ လူသုံးများသည့် Facebook, Youtube, Viber စသည့် လူမှုကွန်ရက်များ၊ ဝက်ဘ်ဆိုက်များ၊ မိုဘိုင်းအက်ပလီကေးရှင်းများသည် ယူနီကုဒ်စနစ်ကို လက်ခံကျင့်သုံးနေကြပြီး ဆက်သွယ်ရေးအော်ပရေတာများ၊ မိုဘိုင်းဖုန်းထုတ်လုပ်သူများ၊ ကွန်ပျူတာပညာရှင်များသည် တစ်နိုင်ငံလုံး ယူနီကုဒ်စနစ်ကို ပြောင်းလဲအသုံးပြုရာတွင် ဝိုင်းဝန်းကူညီရန်လိုအပ်ကြောင်း အဆိုပါပွဲမှသိရသည်။“မိုဘိုင်းဖုန်းတွေကလည်း ယူနီကုဒ်ကို စနစ်လုပ်ဖို့ ကျွန်တော်တို့ ညှိနှိုင်းထားတာတွေရှိတယ်။ အဲဒီအတွက်လည်း မိုဘိုင်းအော်ပရေတာတွေနဲ့ ညှိနှိုင်းထားတယ် မိုဘိုင်းဖုန်း တွေတင်သွင်းမယ့် အဖွဲ့အစည်းတွေနဲ့ ဒီကုဒ်ကို Support လုပ်သွားနိုင်ဖို့ လိုအပ်တာတွေ ညှိနှိုင်းထားပြီးဖြစ်ပါတယ်” ဟု သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီး ဌာနညွန်ကြားရေးမှူး ဦးရဲနိုင်မိုးက ပြောကြားသည်။လက်ရှိတွင် ယူနီကုဒ်စနစ်သုံး မြန်မာစာဖောင့်အမျိုးအစား ၁၀ဝ ကျော်ရှိပြီး မိမိနှင့် အဆင်ပြေသည့်ဖောင့်ကို ပြောင်းလဲအသုံးပြုနိုင်ကြောင်း၊ တိုင်းရင်းသားဘာသာစကားများ အသုံးပြုနိုင်သည့် ပြည်ထောင်စုဖောင့်သည် မြန်မာစာဌာနနှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းတို့ ပေါင်း၍ ပြုလုပ်ထားသည့် ဖောင့်ဖြစ်သည့်အတွက် ပိုမိုအဆင်ပြေနိုင်မည်ဖြစ်ကြောင်း သိရသည်။ထို့ပြင် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် အမျိုးသားစံချိန်စံညွန်းကောင်စီက နိုင်ငံတကာသုံး ယူနီကုဒ်စနစ်ကို မြန်မာစံချိန်စံညွန်းအဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ခဲ့ပြီး ယူနီကုဒ်သုံး မြန်မာစာစနစ်ကို ဧပြီ ၁ ရက်တွင် အစိုးရဌာနများ၌ ပြောင်းလဲအသုံးပြုခဲ့ကြောင်း သိရသည်။

No comments:

Post a Comment