Saturday, July 6, 2019

ထောက်ခံကန့်ကွက်မှုများကြားက မီတာခဂယက်

မုတ်သုံ မိုးရေစက်များနှင့်အတူ ဇွန်လတွင်း မြန်မာပြည်၌ အကြီးကျယ်ဆုံး ငြင်းခုံမှုတစ်ခု ဖြစ်ပေါ်နေသည်။ အစိုးရက လျှပ်စစ်မီတာခများကို ရုတ်တရက်  တိုးမြှင့်ခြင်းကြောင့်ဖြစ်သည်။ ထိုကြေညာချက်နှင့်အတူ တစ်နိုင်ငံလုံး လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ရသည်။ မီတာခသည် နိုင်ငံလူဦးရေ ထက်ဝက်ကို တိုက်ရိုက်ထိမှန်ခြင်း ကြောင့်ဖြစ်သည်။ေ လးရက်သာ ကြိုတင်အသိ ပေးခဲ့သည့် အစိုးရမီတာခ တိုးမြှင့် ခြင်းအစီအစဉ်ကို ထောက်ခံသူ များနှင့် မထောက်ခံသူများရှိလာ သည်။



ယခုကဲ့သို့ တိုးမြှင့်ခြင်းက ပြည်သူများကို မီတာခအပိုကုန် ခြင်း၊ မီတာခကြောင့် ကုန်ဈေးနှုန်း တိုးမြင့်လာမည်ကို ကန့်ကွက်သူ များက ထောက်ပြကြသည်။

ပြည်သူ့ဆန္ဒကို ဆန့်ကျင် သည်ဟုဆိုကာ ရန်ကုန်မြို့အပါ အ၀င် နေရာအနှံ့တွင် ဇူလိုင် ၁ ရက်က စတင်ပြီး ဆန္ဒပြပွဲများကို ခပ်စိပ်စိပ်လုပ်လာသည်။

ထောက်ခံသူများ၏ အမြင်မှာမူ ခြားနားသည်။ ၎င်းတို့ထောက်ခံရသည့် အကြောင်းရင်းများအနက်  မီတာခနှုန်းများမှာ ဒေသတွင်း နိုင်ငံများအကြား မြန်မာနိုင်ငံက အနည်းဆုံးဖြစ်၍ ထိုက်သင့်သည့်နှုန်းကို ပေးသင့်သည်ဟုဆိုသည်။ လျှပ်စစ်မီးရသူမှာ နိုင်ငံလူဦးရေ တစ်ဝက်ပင်မပြည့်၍ မီးမရသောသူများကို ကိုယ်ချင်းစာသင့်သည်ဟု ဆို သည်။

 နိုင်ငံရေးဆိုင်ရာများ၌သာ ၀င်ရောက် မှတ်ချက်ပေးလေ့ရှိ သည့်  မြန်မာနိုင်ငံဆိုင်ရာ အမေ ရိကန်သံအမတ်ပင် အစိုးရ၏ လျှပ်စစ်မီတာ တိုးမြှင့်ခြင်းကို ထောက်ခံသူများထဲတွင် ပါဝင်ခဲ့ သည်။  ထိုသို့တိုးမြှင့်ခြင်းက အပြုသဘောဆောင်သည့် ပြုပြင် ပြောင်းလဲမှုဖြစ်ပြီး အမေရိကန် လုပ်ငန်းရှင်များကို ပိုမိုဆွဲဆောင် နိုင်တော့မည်ဟု ၎င်းကမှတ်ချက် ပေးခဲ့သည်။

 မီတာခ တိုးမြှင့်ခြင်းနှင့် ပတ်သက်ပြီး ထောက်ခံခြင်း၊ မထောက်ခံခြင်း အကြောင်းကို 7Day News က လူ ၅၀ ခန့်ကို ကြုံရာကျပန်း မေးမြန်းခဲ့သည်။

ထိုသို့မေးမြန်းရာတွင် ထက် ၀က်ခန့်မှာ လျှပ်စစ်မီးမရသေး သည့်ဒေသများ မီးလင်းရေးနှင့် နွေရာသီ မီးမပြတ်စေရန်အတွက် မီတာခ တက်သင့်သည်ဟုဆို သည်။

၁၅ ဦးခန့်မှာ မီတာခတက် သည်ကို မသိသေးဟုဖြေသည်။ ကျန်သူများသည် မတက်သင့်ဟု ဆိုသည်။

ဖြေဆိုသူအများစုက မီတာ ခတက်ရန် ထောက်ခံခြင်းနှင့် မ ထောက်ခံခြင်းတို့သည် နိုင်ငံရေး အယူအဆပေါ်မူတည်၍ ဖြေ ကြားကြသည်။ အချို့မှာ လက်ရှိ အစိုးရ၏ တိုင်းပြည်ကောင်းစား ရေး ဆောင်ရွက်ချက်ဖြစ်၍ မီတာ ခတက်ခြင်းကို လက်ခံသည်ဟု မှတ်ချက်ပေးသည်။

‘‘လျှပ်စစ်မီးရတာ တစ်နိုင်ငံ လုံးရဲ့ တစ်ဝက်တောင်မရှိဘူး။ စိုက်ပေးနေရတာ တစ်နိုင်ငံလုံးရဲ့ ပြည်သူပိုင်ငွေထဲက စိုက်ရတာ။  လူနည်းစုအတွက် သုံးတဲ့ဘတ် ဂျက်ကို တခြားနေရာမှ သုံးသင့်ပါ တယ်။ အခုလိုတိုးတာ နိုင်ငံ့ခေါင်း ဆောင်တွေက တွေးခေါ်ကြံဆပြီး လုပ်တာလို့မြင်တာ။ ဒါကို လုံးဝ ထောက်ခံပါတယ်’’ဟု သင်္ယန်း ကျွန်းမြို့နယ်မှ ဒေါ်ကြည်ကြည် မြိုင်ကပြောသည်။ သူသည် လက် ရှိအစိုးရကို ထောက်ခံသူတစ်ဦး ဖြစ်သည်။

လက်ရှိအစိုးရကို မထောက် ခံသူတစ်ဦးဖြစ်သည့် ခရမ်းမြို့ နယ် ဦးကျော်စိုးဦးက ယခုမီတာခ တိုးမြှင့်ခြင်းကို မထောက်ခံဟုဆို ပြီး အစိုးရက ပြည်သူလူထုဆန္ဒကို မျက်ကွယ်ပြုထားသည်ဟု ဆို သည်။

အစိုးရ၏ ဇူလိုင် ၁ ရက်တွင် တိုးမြှင့်သည့် မီတာခများ၌ အိမ် သုံးလျှပ်စစ် မီတာခများသည် ယခင်ကထက် အနိမ့်ဆုံး ၇၀ ရာ ခိုင်နှုန်းကျော်မှ တစ်ဆခွဲခန့်အထိ တိုးမြင့်လာသည်ကို တွေ့ရပြီး လုပ်ငန်းသုံးမီတာခများ ယခင် နှုန်းထားထက် ထက်ဝက်ခန့်တက် လာမည်ဖြစ်သည်။ ရေခဲသေတ္တာ၊ လေအေးပေးစက်ကို အားပြုသုံး  သူများ၏ အိမ်သုံးမီတာခမှာမူ ထို့ ထက်ပင် ဆနှုန်းပို၍ ကျသင့်နိုင် သည်။

ရန်ကုန်မြို့တော် ဓာတ်အား ပေးရေးကော်ပိုရေးရှင်း အထွေ  ထွေမန်နေဂျာ ဦးတင်အောင်ကမူ  လျှပ်စစ်မီတာခများ တိုးမြှင့်ရန်  ဝန်ကြီးဌာနက လွှတ်တော်၊ တိုင်း ဒေသကြီးဝန်ကြီးများ၊ ကုန်သည် နှင့်စက်မှုလုပ်ငန်းရှင်များ အသင်း ချုပ်ကဲ့သို့သော စီးပွားရေးဆိုင်ရာ  အသင်းအဖွဲ့များကို အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးပြီး ဖြစ်သည်ဟု ဆိုသည်။


အာဆီယံနိုင်ငံများ၏ ၂၀၂၀ တွင် လျှပ်စစ်ဓာတ်အားရရှိမည့် အခြေပြအင်ဖိုဂရပ်ဖစ်

ဘာကြောင့်တိုးမြှင့်ရသလဲ

မြန်မာနိုင်ငံ၌ လက်ရှိတွင် နိုင်ငံလူဦးရေ၏ ၄၄ ရာခိုင်နှုန်းသာ  လျှပ်စစ်မီးရရှိထားပြီး ယခုနှစ် ကုန်လျှင် နိုင်ငံ၏တစ်ဝက်ကို လျှပ်စစ်မီးပေးနိုင်ရန် ဆောင်ရွက်နေ သည်ဟု အစိုးရကဆိုသည်။ ၂၀၃၀ တွင် တစ်နိုင်ငံလုံး မီးလင်း မည်လည်း ကြွေးကြော်ထား သည်။

သို့သော် မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား တစ်ယူနစ် ရောင်းချတိုင်း ပြည်သူ့ဘဏ္ဍာငွေ မှ ၂၃ ကျပ် အရှုံးပေါ်နေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောထားသည်။ 

လျှပ်စစ်တစ်ယူနစ်ထုတ်  လုပ်မှု ကုန်ကျစရိတ်သည် ပျမ်းမျှ ၇၇ ဒသမ ၂၅ ကျပ်ဖြစ်ပြီး ရောင်း ချရာ၌ ပျမ်းမျှတစ်ယူနစ်လျှင် ၅၄ ဒသမ ၁၅ ကျပ်ဖြစ်၍ တစ်ယူနစ် လျှင် ၂၃ ကျပ် အရှုံးပေါ်နေသည် ဟု ပြည်ထောင်စုလွှတ်တော်တွင်  ဒုတိယ၀န်ကြီးက ရှင်းပြထား သည်။

လျှပ်စစ်မီတာခအတွက် နှစ်စဉ် အစိုးရက ကျပ်ဘီလီယံ ၅၀၀ (ကန်ဒေါ်လာ သန်း ၃၃၀) ကျော် စိုက်ထုတ်သုံးစွဲနေရသည်။ ထိုပမာဏသည် လက်ရှိတည် ဆောက်နေသည့် ရန်ကုန်- ဒလ တံတား ကုန်ကျစရိတ်၏ တစ်ဆ ခွဲကျော်ရှိသည်။ ရန်ကုန်တိုင်းဒေ သကြီးတစ်ခုလုံး၏ အစိုးရအသုံး စရိတ်နှင့် ညီမျှသည်။

လေအေးပေးစက် တစ်လုံး အတွက် ပျမ်းမျှလျှပ်စစ်ယူနစ်သုံး နှုန်းသည် ယူနစ် ၂၀၀ ၀န်းကျင် ဖြစ်၍ လေအေးပေးစက်တစ်လုံး သုံးသူစွဲမှုရှိသူအတွက် အစိုးရက  တစ်လလျှင် ကျပ် ၄,၆၀၀ စိုက် ပေးနေရသည်ဟု ယူဆနိုင် ကြောင်း လျှပ်စစ်အင်ဂျင်နီယာ တစ်ဦးဖြစ်သည့် ကိုအေးကျော်က တွက်ပြသည်။

ထို့အပြင် မဟာဓာတ်အား လိုင်းမှ လျှပ်စစ်မီးမရသော ကြောင့် လျှပ်စစ်မီးမရသေးသည့် ဒေသများတွင် ပုဂ္ဂလိကမှ ရယူသုံး စွဲနေရပြီး တစ်ယူနစ်လျှင် ကျပ် ၂၀၀ မှ ကျပ် ၈၀၀ ပေးနေရသည် များရှိသည်။

 ထို့ကြောင့် တစ်နိုင်ငံလုံး တစ်ပြေးညီဖြစ်စေရေး လျှပ်စစ်မီတာခများကို ကုန်ကျစရိတ်ကာမိရန် တိုးမြှင့်သင့်သည်ဟု ပညာရှင်များ၊ မြို့နေပညာတတ်အသိုင်းအ၀ိုင်းနှင့်  မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးမရသေးသူများက ဆိုကြသည်။

‘‘အခွန်ကို တစ်တိုင်းပြည်လုံး က လူတွေက ဆောင်ကြတယ်။ မီးအတွက် လျှပ်စစ်ဓာတ်အားကို အစိုးရက အရှုံးခံပြီး ဒီအခွန်က ကျခံတာကျတော့လည်း နှစ်ခါပြန်နာတာပေါ့။ ကိုယ်ကလည်း မီး မရဘူး။ လျှော့ပေးတာကိုလည်း  မျှခံနေရတယ်။ မီးမရသေးတဲ့ ဒေသက ပြည်သူတွေအနေနဲ့ ကြည့်ရင် နှစ်ခါနာတာပေါ့ဗျ’’ ဟု ဆန်စက်လုပ်ငန်းရှင် တစ်ဦးဖြစ် သည့် ဦးမျိုးသူရအေးကဆိုသည်။

လျှပ်စစ်မီတာခများ တိုးမြှင့် ခြင်းသည် လုပ်ငန်းကုန်ကျစရိတ် ကာမိစေရန်နှင့် လုပ်ငန်းလည် ပတ်မှု လမ်းကြောင်းပေါ် ပြန် ရောက်စေရန် မလွှဲမရှောင်သာ လုပ်ရမည်ဟု ကမ္ဘာ့ဘဏ်က ၂၀၁၉ ဇွန်လတွင် ထုတ်ပြန်သော အစီရင်ခံစာ၌ တိုက်တွန်းခဲ့သည်။ မီတာခကို သုံးစွဲသည့် အမျိုးအ စားအလိုက်  ဈေးနှုန်းသတ်မှတ်ရ မည်ဟုလည်း ကမ္ဘာ့ဘဏ်က အ ကြံပေးထားသည်။

လျှပ်စစ်မီတာခ တိုးမြှင့်ရ ခြင်းကို လျှပ်စစ်နှင့် စွမ်းအင်ဝန် ကြီးက အချက်သုံးချက်ဖြင့် တိုး မြှင့်ရခြင်းဖြစ်သည်ဟု ဆိုသည်။ ၎င်းတို့မှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမှု ရေရှည်တိုး တက် ကောင်းမွန်စေရန် တိုးချဲ့ရ မည့် လုပ်ငန်းများ၊ မဟာဓာတ် အားလိုင်းစနစ်မှ လျှပ်စစ်မရရှိ သေးသော ဒေသများ လျှပ်စစ်ရရှိ ရန် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ဓာတ်အားထုတ် လုပ်မှုစွမ်းအား စဉ်ဆက်မပြတ် တိုးတက်အောင် ဆောင်ရွက်နိုင် ရန်ဖြစ်သည်ဟု ဆိုသည်။

ကုန်ဈေးနှုန်းဂယက်

လျှပ်စစ်မီတာခများ တိုးမြှင့်ပါက ပြည်သူများအကြား ကုန်ကျ စရိတ် ပိုများလာပြီး ကုန်ဈေးနှုန်း တိုးမြင့်သည့်ဒဏ်ပါ ခံရမည်ဟူ သော အယူအဆနှင့် အတွေ့အ ကြုံရှိသည်။

‘‘မီတာခတွေတက်ရင်တော့ ထုတ်လုပ်မှု ကုန်ကျစရိတ်တွေ တက်သွားတာပေါ့။ အဲဒီတော့ ကုန်ဈေးနှုန်းကလည်း နည်းနည်း တက်လာမှာပဲ။ စက်ရုံတွေက မီ တာခတက်တယ်ဆိုရင် အဲဒီအ တွက် ကုန်ကျစရိတ်ကို ထုတ်လုပ် တဲ့ ပစ္စည်းအပေါ်မှာ တင်မှာပဲ လေ။ အခုပစ္စည်းတစ်ခုကို ၁၀၀ ရောင်းတယ်ဆိုရင် ၁၂၀ ဖြစ်လာ မှာပဲ’’ဟု မန္တလေးစက်မှုဇုန် စီမံ ခန့်ခွဲရေးကော်မတီ အတွင်းရေး မှူး ဦးမောင်မောင်ဦးက ပြော သည်။

လျှပ်စစ်ဓာတ်အား ပြတ် တောက်မှုရှိလျှင် စက်မှုလုပ်ငန်း များအနေဖြင့် မီးစက်ကို အသုံးပြု နေရပြီး တစ်ယူနစ်လျှင် ကျပ် ၄၀၀ ခန့် ကျလေ့ရှိသည်ဟု ၎င်း ကဆိုသည်။  ယခုကဲ့သို့ မီတာခ တက်သော်လည်း လျှပ်စစ်ဓာတ် အား ပြတ်တောက်မှု ဆက်လက် ရှိနေပါက ကုန်ကျစရိတ် ပိုများ လာရုံသာရှိမည်ကို လှိုင်သာယာ စက်မှုဇုန် အထွေထွေအတွင်းရေး မှူး ဒေါက်တာခင်မောင်ဦးက  စိုး ရိမ်သည်။

ရန်ကုန်တိုင်း လှိုင်မြို့နယ် တွင် နေထိုင်သည့် ကိုအေးချမ်း ဝင်းကလည်း ‘‘အခုနှုန်းက အရမ်း  တက်တယ်လို့ ထင်တယ်။ ဝန်ကြီး ဌာနရော ပညာရှင်တွေက တက် သင့်တယ်လို့ ပြောပေမယ့် ကျွန် တော့်ဝင်ငွေနဲ့ယှဉ်ရင် ဒီလောက်  နှုန်းက အရမ်းကြီးများလွန်းတယ် လို့ထင်တယ်’’ဟုပြောသည်။

မြန်မာနိုင်ငံအတွက် မီတာခ သည် ဒေသတွင်းအနည်းဆုံးဖြစ်သည်ကို ထောက်ပြလျှင် ၀င်ငွေ အနည်းဆုံး ဖြစ်သည်ကိုလည်း ထောက်ရှုသင့်ကြောင်း မြောက် ဥက္ကလာပတွင်နေထိုင်သူ ကိုမိုး သူကပြောသည်။

ယခုကဲ့သို့ မီတာခမြင့်တက် ခြင်းကြောင့် တစ်လလျှင် ယူနစ် ၁၀၀ အသုံးပြုသည့် အိမ်ထောင် စုတွင် ယခင်က ကျပ် ၃,၅၀၀ ကျရာမှ ယခု ကျပ် ၆,၀၅၀ ကျ မည်ဖြစ်သည်။ ထို့ကြောင့် ကျပ် ၂,၅၅၀ ပိုမိုကုန်ကျမည်ဖြစ်သည်။ ယူနစ်၂၀၀ အိမ်ထောင်စုသည် ကျပ် ၁၀,၀၀၀ ပိုမိုကုန်ကျ၍ ယူ နစ် ၅၀၀ အိမ်ထောင်စုအတွက် ကျပ် ၃၂,၅၅၀ ပိုမိုကုန်ကျမည်ဖြစ် သည်။


ရန်ကုန်မြို့တစ်နေရာတွင် အဖွဲ့ဖြင့် မီတာဖတ်နေသည်ကို ဇူလိုင် ၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - YESC-CallCenter)

ကောင်းကျိုးမျှော်လင့်နိုင်ခြေ

မီတာခ တိုးမြှင့်ခြင်းကြောင့် ထုတ်လုပ်မှုစရိတ်နှင့် ရောင်းချ သည့် စရိတ်ကာမိ၍ လျှပ်စစ် ကဏ္ဍတွင် ပြည်တွင်း၊ ပြည်ပရင်း နှီးမြှပ်နှံမှုများ ၀င်ရောက်လာမည် ကို အစိုးရရော လုပ်ငန်းရှင်များ က အပြည့်အ၀ ယုံကြည်ထား သည်။

 ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တစ်ယူနစ်ကျပ် ၁၀၀ သတ်မှတ်ပေးပါက ရန်ကုန်ကို မီးမပြတ်စေရန် အလုံအလောက် မီးပေးမည့် ကုမ္ပဏီများ ရရှိထားသည်ဟုဆိုသည်။

လျှပ်စစ်မီတာခ တိုးမြှင့်သ ဖြင့် ရခိုင်အရေးကြောင့် ခပ်ခွာခွာ နေသည့် အမေရိကန်နိုင်ငံကပင် မြန်မာနိုင်ငံတွင် လျှပ်စစ်နှင့် စွမ်း အင်ကဏ္ဍတွင် ပူးပေါင်းဆောင် ရွက်ရန် အနာဂတ်တွင် ရှိလာ သည်ဟုဆိုသည်။

 ‘‘နိုင်ငံတကာရင်းနှီးမြှပ်နှံမှုလာဖို့က ကြိုးနီစနစ်တွေ၊ ကျွမ်း ကျင်လုပ်သားတွေ၊ လမ်းပန်း ဆက်သွယ်ရေးတွေအပြင် လျှပ် စစ်မီးကလည်း အဓိကကျတယ်’’ ဟု မြန်မာနိုင်ငံကုန်သည်များနှင့်  စက်မှုလက်မှုလုပ်ငန်းရှင်များ အ သင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက် တာမောင်မောင်လေးက ပြော သည်။

လျှပ်စစ်မီး ရရှိရေးသည် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများအတွက် မဖြစ်မနေလိုအပ်သည့် ၀န်ဆောင်မှုတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံသည် လျှပ်စစ်မီးမရဘဲ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဆွဲဆောင်ခြင်းသည်  အလုပ်မဖြစ်ဟု စင်ကာပူနိုင်ငံသားလုပ်ငန်း ရှင် မစ္စတာအိုလီဗာဟုကပြော သည်။

ယခုကဲ့သို့ အစိုးရက လျှပ်စစ်မီတာခများ တိုးမြှင့်ခြင်းကြောင့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာမည်ဟု ၎င်းကဆိုသည်။ မြန်မာနိုင်ငံအတွက် ၀င်ရောက်လိုသည့် လုပ်ငန်းရှင်များလည်း အများအပြားရှိသည်ကို သိထားသည်ဟု ၎င်းက မှတ်ချက်ပေး သည်။

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ တွင် နှစ်စဉ်လျှပ်စစ်သုံးစွဲမှုသည် ၁၁ ရာခိုင်နှုန်း တိုးတက်မည်ဖြစ်ပြီး ၂၀၃၀ တွင် လျှပ်စစ်ဓာတ်အား ၁၂ ဒသမ၆ ဂဂ္ဂါဝပ် (၁ ဂဂ္ဂါဝပ်= ၁၀၀၀ မဂ္ဂါဝပ်) ရှိလာမည်ဟု ဆိုသည်။ လက်ရှိတွင် ၃ ဒသမ ၆ ဂဂ္ဂါဝပ်သာရှိသည်။ ထိုပမာဏကို ဖြည့်တင်းရန် တစ်နှစ်လျှင် ကန် ဒေါ်လာ နှစ်ဘီလီယံ လိုအပ်မည် ဟုဆိုသည်။ လက်ရှိရင်းနှီးမြှုပ်နှံ နေသည့် ပမာဏ၏ နှစ်ဆဖြစ် မည်ဟုဆိုသည်။ လျှပ်စစ်ဓာတ် အား ၀န်ဆောင်ဖြန့်ဖြူးမှုကို ရင်း နှီးမြှုပ်နှံမှုများ ပိုမိုဖိတ်ခေါ်သင့် သည်ဟုဆိုသည်။

အစိုးရ၏ မီတာခတိုးမြှင့် ခြင်းကို ယခုကဲ့သို့ ရုတ်တရက် မြှင့်မည့်အစား လအလိုက်ပိုင်း ခြား၍ ရာခိုင်နှုန်းအလိုက် တက် သင့်သည်ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးမျိုးမြင့်ကဆိုသည်။ ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့် စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော် မတီ အတွင်းရေးမှူး ဦးအောင် ဇော်မြင့်က လျှပ်စစ်မီတာခ တိုး မြှင့်ခြင်းကြောင့် ဆောင်သမျှ အ ခွန်ကို ပြည်သူလူထု ပြန်လည်ခံ စားရမည်ဟုဆိုသည်။ လူထုက နားလည်ပေးစေချင်သည်ဟု ၎င်း က တောင်းဆိုထားသည်။

 ဒေါက်တာမောင်မောင် လေးကလည်း ထိုသို့ရှုမြင်သည်။ သို့သော် ပြည်သူများက အစိုးရကို လျှပ်စစ်ကဏ္ဍအတွက် ပြည်သူ့ ဘဏ္ဍာငွေမှ သန်းပေါင်းများစွာ စိုက်ထုတ်သုံးစွဲခိုင်းရန် မသင့်သကဲ့သို့ အစိုးရဘက်ကလည်း တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အား ပုံမှန်ပေးရန်လိုကြောင်း ၎င်းကထောက်ပြသည်။ ‘‘အခုလို ဈေးမြှင့်လိုက်ရင် ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေလာ မယ်။ အလုပ်အကိုင်တွေရမယ်။ နိုင်ငံစီးပွားရေးတက်မယ်။ အား လုံးက အစစအရာရာကောင်းလာ မယ်။ ကုန်ဈေးနှုန်းကျဆင်းမှုအ တွက် တခြားနည်းနဲ့ လုပ်ရမယ်။ နိုင်ငံတိုင်းမှာ စိုက်ထုတ်သုံးစွဲမှုက  မရှိတော့ဘူး။ နိုင်ငံရေးအရ ထိလွယ်၊ ရှလွယ် ဖြစ်နိုင်တာကြောင့် စိုက်ထုတ်သုံးစွဲတာပါ။ အခုသွားတဲ့လမ်းကြောင်းမှာ နိုင်ငံတော်က လျှပ်စစ်မီးကို ပုံမှန်ရဖို့အတွက် လုပ်ဆောင်ဖို့လိုပါ တယ်’’ဟု ဒေါက်တာမောင်မောင် လေးက သုံးသပ်ပြောဆိုသည်။

No comments:

Post a Comment