Saturday, July 6, 2019

“ပင်လယ်ပြင်တွင်း စက်ချို့ယွင်းပြီး ရိက္ခာပြတ်လပ်နေသည့် နိုင်ငံခြား ကုန်တင်ရေယာဉ်တစ်စီးအား တပ်မတော်(ရေ) စစ်ရေယာဉ်မှ ကူညီဆောင်ရွက်”

Image may contain: ocean, water and outdoorPalau နိုင်ငံ မှတ်ပုံတင်ထားသည့် နိုင်ငံခြားကုန်တင်ရေယာဉ်ကြီး Tanto Star (S Tan)သည် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့သို့ သွားရောက်သည့် ခရီးစဉ်အတွင်း ဟိုင်းကြီးကျွန်း အနောက်တောင်ဘက် ရေမိုင် ၃၀ ခန့် အကွာတွင် အင်ဂျင်ချို့ယွင်းမှုကြောင့် ဇွန်လ တတိယပတ်မှစတင်၍ ကျောက်ချ အခြေပြုပြီး ပြင်ဆင်ဆောင်ရွက်လျက်ရှိပါသည်။ တပ်မတော်(ရေ)မှ စစ်ရေယာဉ် (ကျန်စစ်သား)သည် အဆိုပါရေယာဉ်ကြီး ကျောက်ချအခြေပြုချိန်မှစ၍ စောင့်ကြည့်ပြီး လိုအပ်သည့် ကူညီမှုများဆောင်ရွက်ပေးရန်အတွက် ဆက်သွယ်မေးမြန်းခဲ့ရာ ရေယာဉ်ပေါ်တွင် အိန္ဒိယလူမျိုး ရေယာဉ်အမှုထမ်း ၁၇ ဦး လိုက်ပါလာ ကြောင်း၊ အင်ဂျင် ချို့ယွင်းမှုအတွက် သက်ဆိုင်ရာကုမ္ပဏီသို့ ချိတ်ဆက်ပြီးလိုအပ်သည့် စက်ပစ္စည်းများ မှာယူထားကြောင်း၊ အခြေအနေအား ကုမ္ပဏီမှတစ်ဆင့် လုပ်ထုံးလုပ်နည်းအတိုင်း မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအာဏာပိုင်များသို့ အကြောင်းကြားဆောင်ရွက်ထားကြောင်း သိရှိခဲ့ရပါသည်။


ကုန်တင်ရေယာဉ်ကြီးအတွက် လိုအပ်သည့် စက်ပစ္စည်းများ၊ စားနပ်ရိက္ခာများ တင်ဆောင်လာသည့် ပြည်တွင်းကုမ္ပဏီမှ ရေယာဉ် ၁ စီးသည် ရန်ကုန်မြို့မှ ထွက်ခွာ ခဲ့သော်လည်း ရာသီဥတုအခြေအနေဆိုးရွားမှုကြောင့် ပင်လယ်ပြင်အတွင်းရှိ ၎င်းရေယာဉ်ကြီး ထံသို့ပေးပို့နိုင်ခြင်းမရှိဘဲ ဟိုင်းကြီးကျွန်းအတွင်း ရာသီဥတုခိုလှုံခဲ့ပါသည်။ ဇူလိုင်လ ၄ ရက်တွင် ကုန်တင်ရေယာဉ်ကြီးမှ ရိက္ခာနှင့်သောက်သုံးရေ ပြတ်လပ်လျက်ရှိကြောင်း လာရောက်ပို့ဆောင်သည့် ရေယာဉ်ထံသို့ ဆက်သွယ် အကြောင်းကြားခဲ့သော်လည်း ၎င်းရေယာဉ်အနေဖြင့် လှိုင်းလေပြင်းထန်နေသဖြင့် သွားရောက်ပို့ဆောင်နိုင်ခြင်းမရှိကြောင်းနှင့် ကူညီဆောင်ရွက်ပေးနိုင်ပါရန် ယနေ့ နံနက်ပိုင်းတွင် စစ်ရေယာဉ်(ကျန်စစ်သား) ထံသို့ ဆက်သွယ်အကြောင်းကြားလာခဲ့ပါသည်။ စစ်ရေယာဉ်(ကျန်စစ်သား)အနေဖြင့် ရာသီဥတုဆိုးရွား၍ လှိုင်းလေပြင်းထန် နေသော်လည်း ကုန်တင်ရေယာဉ်ကြီးပေါ်မှ ရိက္ခာ၊ ရေ လုံးဝပြတ်လပ်လျက်ရှိသည့် ရေယာဉ်အမှုထမ်း ၁၇ ဦးအတွက် ၎င်းတို့လိုအပ်သည့် စားနပ်ရိက္ခာများအား ယနေ့နံနက်ပိုင်းတွင် ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment