Saturday, July 6, 2019

မကွေးဆေးတက္ကသိုလ်တွင် သက်မဲ့ခန္ဓာအလှူရှင်များ လိုအပ်

မကွေးဆေးတက္ကသိုလ်  တွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများ  လက်တွေ့ လေ့လာသင်ယူနိုင် ရေး သက်မဲ့ခန္ဓာကိုယ်အလှူရှင် များ လိုအပ်ကြောင်း မကွေး ဆေးတက္ကသိုလ် ခန္ဓာဗေဒဌာန ကထိက ဒေါက်တာဥမ္မာလှိုင်က ပြောသည်။ သက်မဲ့ခန္ဓာကိုယ်လှူဒါန်း  သူများလာမှသာလျှင် ဆေးပညာ  လေ့လာခွင့်နှင့် ခန္ဓာကိုယ်ခွဲ စိတ်သင်ကြားခွင့် ပိုမိုရရှိမည် ဖြစ်ကာ ထူးချွန်ထက်မြတ်သည့် ဆရာဝန်များ ပေါ်ထွက်လာမည် ဖြစ်ကြောင်း၊ ထို့ကြောင့် သင်ကြားမှုတွင် သက်မဲ့ခန္ဓာကိုယ်လိုအပ်ချက်အရေးကြီးသဖြင့် အလှူရှင်များလိုအပ်ကြောင်း ၎င်းကပြောသည်။



‘‘အခု မကွေးဆေးတက္က သိုလ်မှာ အုပ်စု ရှစ်စုခွဲပြီးတော့  ကျောင်းသား ၃၅ ဦးပါဝင်တဲ့ အုပ်စုတစ်စုကို ခန္ဓာကိုယ်တစ်ခုပဲ လေ့လာခွင့်ရပါတယ်။ ကျွန်မတို့ မန္တလေးဆေးတက္ကသိုလ်မှာတက် ခဲ့တုန်းကဆို ကျောင်းသား ၁၀ ယောက်ကို ခန္ဓာကိုယ်တစ်ခုလေ့ လာခွင့်ရခဲ့တော့ နှိုင်းယှဉ်ကြည့် ရင် အများကြီးလိုအပ်နေပါသေး တယ်’’ ဟု ဒေါက်တာဥမ္မာလှိုင် ကဆိုသည်။

မကွေးဆေးတက္ကသိုလ်တွင် ပညာသင်ကြားနေသည့် ကျောင်း သား၊ ကျောင်းသူ ၂၈၆ ဦးရှိပြီး ယင်းကျောင်းသား၊ ကျောင်းသူ များသည် ရောဂါ မရှိသူ၏ သေဆုံးခန္ဓာကိုယ်ကို ဒုတိယနှစ် ၌ လေ့လာရပြီး တတိယနှစ်တွင် ရောဂါဖြင့် သေဆုံးသူများ၏ ခန္ဓာကိုယ်ကို လေ့လာရကြောင်း ၎င်းကပြောသည်။

သက်မဲ့ခန္ဓာကြိုတင်လှူဒါန်း ထားသည့် ဦးကျော်စွာဝင်းက ‘‘ခန္ဓာကိုယ်ကြီးက သေရင်မြေ ကြီးထဲရောက်ရင် ရောက်မယ်။ ဂူထဲလား၊ ဒါမှမဟုတ် မီးသင်္ဂြိုဟ် စက်ထဲလည်းရောက်ချင်ရောက် မယ်။ သက်မဲ့ခန္ဓာကိုယ်ကိုလှူ လိုက်တော့ ဆေးပညာအတွက် အထောက်အပံ့ဖြစ်ပြီး ဆရာဝန်  တွေရဲ့ ကုသရေးပိုင်းမှာလည်း အကျိုးရှိနိုင်တာကြောင့် လှူဒါန်း  ထားတာပါ။ တခြားသူတွေကို လည်း လှူဒါန်းစေချင်ပါတယ်၊  တိုက်တွန်းပါတယ်’’ ဟု ပြော ကြားသည်။

သက်မဲ့ခန္ဓာလှူဒါန်းသူများ (သေဆုံးသူ) အတွက်မကွေး ဆေးတက္ကသိုလ်တွင် ၀ိညာဉ်မဲ့ မြတ်ဆရာပူဇော်ပွဲ သုံးကြိမ်ပြု လုပ်ပြီး ယင်းပူဇော်ပွဲ၌ အလှူ ရှင်များ၏ မိသားစုဝင်များကို ဖိတ်ကြား၍ ပန်းခွေချကန်တော့ခြင်း၊ အမှတ်တရစကား ပြောကြားခြင်းတို့ကိုလည်း ပြုလုပ်ကြောင်း ဒေါက်တာဥမ္မာလှိုင်က ပြောသည်။ မကွေးဆေးတက္ကသိုလ်တွင်  ၂၀၁၂ မှ ၂၀၁၉ မေလအထိ  သက်မဲ့ခန္ဓာလှူဒါန်းလိုသူ ၃၀၅ ဦးစာရင်းပေးထားကြောင်း ယင်း ဌာန စာရင်းများ၌ ဖော်ပြထား သည်။

No comments:

Post a Comment