Saturday, July 6, 2019

ဇူလိုင် ၅ ရက်အထိ H1N1 သံသယလူနာ ၄၂၄ ဦးအနက် ရောဂါပိုးတွေ့ရှိသူ ၁၅၀ တွင် သေဆုံးသူ ၃၀ ရှိပြီး ကူးစက်နှုန်းများနေသည့် ရန်ကုန်တိုင်းသို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ရာသီတုပ်ကွေးကာကွယ်ဆေး ၇၀ဝ၀ ကျော် လှူဒါန်း

တစ်နိုင်ငံလုံး၌ ရာသီတုပ်ကွေး Seasonal Influenza A-H1NI 2019 သံသယလူနာ ၄၂၄ ဦးအနက် ရောဂါပိုးတွေ့ရှိသူ ၁၅၀၊ သေဆုံးသူ ၃၀ ရှိပြီး ရောဂါကူးစက်နှုန်း များနေသည့် ရန်ကုန်တိုင်းဒေသကြီးသို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ရာသီတုပ်ကွေး ကာကွယ်ဆေး ၇၂၀ဝ လှူဒါန်းထားကြောင်း သိရသည်။ ဇွန် ၄ရက်က နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွင် ရာသီတုပ်ကွေးရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း၊ ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြောင်း၊ ရောဂါဖြစ်ပွားမှု၊ သေဆုံးမှုအခြေအနေများနှင့် ပတ်သက်၍ ယခုနှစ် ဇန်နဝါရီမှ ဇူလိုင် ၅ ရက်အထိ သံသယလူနာ ၄၂၄ ဦးအနက် ရောဂါပိုးတွေ့ရှိသူ ၁၅၀၊ သေဆုံးသူ ၃၀ ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။



လူထုအတွင်းတုပ်ကွေးဆန်သော ရောဂါလက္ခဏာများ (Influenza-like illness- ILI) ဖြစ်ပွားမှုနှင့် လတ်တလောပြင်းထန် အဆုတ်ရောင်ရောဂါ (Severe Acute Respiratory Infection- SARI) ဖြစ်ပွားမှု စသည်တို့ကို စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ၊ ရာသီတုပ်ကွေးရောဂါဖြစ်ပွား၊ သေဆုံးမှုအခြေအနေများကို အပတ်စဉ်အလိုက်၊ လအလိုက်၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက်၊ အသက်အုပ်စုအပိုင်းအခြားအလိုက် ပြုစုဆန်းစစ်ထားရှိသော အချက်အလက်များကိုလည်းကောင်း၊ ဆေးရုံ၊ ဆေးခန်းများတွင် ရာသီတုပ်ကွေး ရောဂါလူနာများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ပြင်ဆင်ထားရှိမှုအခြေအနေ၊ လူနာများအား ဆေးရုံတွင်ကုသနေမှု၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှု၊ ဆေးနှင့်ဆေးပစ္စည်းများ ဖြန့်ဝေထားမှု၊ ပြည်သူလူထုအား ကျန်းမာရေးအသိပညာပေးမှုအခြေအနေ စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။


တိုင်းဒေသကြီး/ပြည်နယ်အလိုက် ရာသီတုပ်ကွေးရောဂါ ဓာတ်ခွဲအတည်ပြုဖြစ်ပွား၊ သေဆုံးသူ ဦးရေစာရင်းအရ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇူလိုင် ၄ ရက်အထိ ရန်ကုန်တွင် ဓာတ်ခွဲစစ်ဆေးသူ ၂၁၆ ဦးအနက် အတည်ပြုလူနာ ၈၇ ဦး၊ သေဆုံး ၂၃ ဦး၊ ဧရာဝတီတွင် ဓာတ်ခွဲစစ်ဆေးသူ ၁၆ ဦးအနက် အတည်ပြုလူနာ ခုနစ်ဦး၊ သေဆုံးသုံးဦး၊ စစ်ကိုင်းတွင် ဓာတ်ခွဲစစ်ဆေးသူငါးဦးအနက် အတည်ပြုလူနာ လေးဦး၊ သေဆုံးနှစ်ဦး၊ မွန်တွင် ဓာတ်ခွဲစစ်ဆေးသူငါးဦးအနက် အတည်ပြုလူနာနှစ်ဦး၊ သေဆုံးတစ်ဦးရှိခဲ့ကြောင်း၊ ပဲခူးတွင် ဓာတ်ခွဲစစ်ဆေးသူ၂၁ ဦးအနက် အတည်ပြုလူနာခြောက်ဦး၊ နေပြည်တော်တွင် ဓာတ်ခွဲစစ်ဆေးသူ ၁၉ ဦးအနက် အတည်ပြုလူနာကိုးဦး၊ မကွေးတွင် ဓာတ်ခွဲစစ်ဆေးသူ ၁၁ ဦးအနက် အတည်ပြုလူနာခြောက်ဦး၊ မန္တလေးတွင် ဓာတ်ခွဲစစ်ဆေးသူနှစ်ဦးအနက် အတည်ပြုလူနာတစ်ဦး၊ ရခိုင်တွင်ဓာတ်ခွဲစစ် ဆေးသူ ၂၄ ဦးအနက် အတည်ပြုလူနာရှစ်ဦး၊ ရှမ်း (မြောက်) တွင် ဓာတ်ခွဲစစ်ဆေးသူခြောက်ဦးအနက် အတည်ပြုလူနာသုံးဦး၊ ရှမ်း (တောင်) တွင် ဓာတ်ခွဲစစ်ဆေးသူတစ်ဦး၊ အတည်ပြုလူနာတစ်ဦး၊ ရှမ်း (အရှေ့) တွင် ဓာတ်ခွဲစစ်ဆေးသူတစ်ဦး၊ အတည်ပြုလူနာမရှိ၊ တနင်္သ࿿ာရီတွင် ဓာတ်ခွဲစစ်ဆေးသူတစ်ဦး၊ အတည်ပြုလူနာတစ်ဦး၊ ကချင်တွင်  ဓာတ်ခွဲစစ်ဆေးသူ ၃၀ ဦးအနက် အတည်ပြုလူနာ ခြောက်ဦး၊ ချင်းတွင် ဓာတ်ခွဲစစ်ဆေးသူနှစ်ဦးနှင့် ကရင်တွင် ဓာတ်ခွဲစစ်ဆေးသူ ၄၂ ဦး အနက် အတည်ပြုလူနာမရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ကြေညာထားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် ရာသီတုပ်ကွေးရောဂါ ဓာတ်ခွဲအတည်ပြုဖြစ်ပွား၊ သေဆုံးသူဦးရေစာရင်းအရ ဖြစ်ပွားသူဦးရေအများဆုံးမှာ လှိုင်သာယာ၊ ဒဂုံမြို့သစ်(တောင်)၊ မြောက်ဥက္ကလာ၊ ဒဂုံမြို့သစ် (အရှေ့)၊ သင်္ဃ္န်းကျွန်း၊ ဒဂုံမြို့သစ် (မြောက်)၊ ကြည်မြင်တိုင်၊ မရမ်းကုန်း၊ သာကေတမြို့နယ်များဖြစ်ပြီး သေဆုံးသူဦးရေ အများဆုံးမှာ လှိုင်သာယာ၊ ဒဂုံမြို့သစ်(မြောက်)ပိုင်းတို့ဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၂ ရက်က ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၁၉ ခုနှစ်အတွက် ရာသီတုပ်ကွေး ကာကွယ်ဆေး ၇၂၀ဝ လုံးလှူဒါန်းခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် ဇွန် ၃၀ ရက်အထိ မြန်မာနိုင်ငံ၌ တုပ်ကွေးရောဂါအတည်ပြုလူနာ ၁၁၁ ဦးအနက် Influenza A(H1N1) ဖြစ်ပွားသူ ၉၅ ဦး၊ Influenza A(H3) ဖြစ်ပွားသူခြောက်ဦးနှင့် Influenza B ဖြစ်ပွားသူ ၁၀ ဦးရှိကြောင်း၊ ဇွန် ၃၀ ရက်အထိ ရာသီတုပ်ကွေး သံသယလူနာ ၃၄၃ ဦးရှိခဲ့ပြီး ယင်းတို့အနက် ဓာတ်ခွဲအတည်ပြုလူနာ ၁၁၁ ဦး (မျိုးကွဲအားလုံးပါဝင်) ရှိခဲ့ကြောင်း၊ တုပ်ကွေးရောဂါ အတည်ပြုလူနာ ၁၁၁ ဦးအနက် Influenza A(H1N1) ဖြစ်ပွားသူ ၉၅ ဦး၊ Influenza A(H3) ဖြစ်ပွားသူခြောက်ဦးနှင့် Influenza B ဖြစ်ပွားသူ ၁၀ ဦးရှိကြောင်းနှင့် ယင်း ၁၁၁ ဦးတွင် သေဆုံးသူ ၂၀ ဦးပါဝင်ပြီး ရန်ကုန်တိုင်းဒေသကြီးမှ ၁၇ ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှတစ်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ နှစ်ဦးပါဝင်ကြောင်း ဖော်ပြထားသည်။

No comments:

Post a Comment