Saturday, July 6, 2019

Wisdom Hill ကျောင်းမှ ကလေးငယ်အမှုနှင့်ပတ်သက်ပြီး ခရိုင်ဥပဒေအရာရှိအား ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းမှု အဆင်မပြေကြောင်း တရားလိုဘက်မှ လိုက်ပါမည့် ရှေ့နေပြောကြား

Wisdom Hill ကျောင်းမှ ကလေးငယ်အမှုနှင့်ပတ်သက်ပြီး ခရိုင်ဥပဒေအရာရှိအား ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းမှု အဆင်မပြေကြောင်း တရားလိုဘက်မှလိုက်ပါမည့် ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောကြားသည်။ ယင်းအမှုနှင့်ပတ်သက်ပြီး ဇူလိုင် ၅ ရက်တွင် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၃ အရ ခရိုင်ဥပဒေအရာရှိနှင့် လိုက်ပါဆောင်ရွက်ခွင့်ရရှိရန်အတွက် တရားရုံသို့လျှောက်ထားခဲ့ကြောင်း၊ ခရိုင်ဥပဒေအရာရှိအား ပူးပေါင်းဆောင်ရွက်ရန်အတွက် တင်ပြခဲ့သော်လည်း အဆင်မပြေခဲ့ကြောင်း ဒေါ်ရွက်နုအောင်က သတင်းထောက်များကို ပြောကြားသည်။



ဒေါ်ရွက်နုအောင်က “ဒီအမှုက နိုင်ငံတော်ဘက်ကနေပေါ့။ နစ်နာသူဘက်ကနေပြီးတော့ ဥပဒေအရာရှိက ဒီအမှုမှာပါပါတယ်။ ပါတဲ့အခါကျတော့ ဒီအမှုနဲ့ပတ်သက်ပြီးတော့ ကျွန်မတို့က ဥပဒေအရာရှိရဲ့ အောက်ကနေပြီးတော့ သူရဲ့ကြီးကြပ်မှုနဲ့ဒီအမှုမှာ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၃ အရ လိုက်ပါဆောင်ရွက်ခွင့်ကို တင်တာပါ။ ဒီရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၃ အရ လိုက်ပါဆောင်ရွက်ခွင့်ရမှ ကျွန်မတို့က ရုံးချိန်းနေ့မှာ ဆောင်ရွက်လို့ရမှာပေါ့။ ဒါကြောင့်မို့ ကျွန်မတို့က ပုဒ်မ ၄၉၃ ကို လာပြီးတော့ လျှောက်ထားတာဖြစ်ပါတယ်။ အဲဒီလျှောက်လွှာကတော့ ကျွန်မတို့တင်ခဲ့ပြီ။ လျှောက်ထားလို့လည်း ရခဲ့ပြီပေါ့။ လက်မှတ်ထိုးလည်းရခဲ့ပြီ။ ဒါပေမဲ့လည်း ခရိုင်ဥပဒေအရာရှိအနေနဲ့ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်မတို့နဲ့ ပူးပေါင်းဖို့က လောလောဆယ် အခက်အခဲရှိတယ်လို့ ပြောပါတယ်။ ကျွန်မတို့နဲ့လောလောဆယ် မပူးပေါင်းသေးဘူးဆိုတဲ့ အခြေအနေမျိုးပေါ့။ အဲဒီလိုမျိုးလေးတော့ အခုပြောလိုက်ပါတယ်။ ဘာကြောင့် အခက်အခဲရှိလည်းဆိုတော့ ဒါကတော့ ဥပဒေအရာရှိရဲ့ သဘောထားကိုတော့ ကျွန်မတို့မသိဘူးပေါ့။ သူ့ဘက်ကပြောလိုက်တာကတော့ ဒါနဲ့ပတ်သက်ပြီး ကျွန်မတို့ကို သူတို့ဘက်ကနေပြီးတော့ ပူးပေါင်းဖို့၊ နောက်ပြီးတော့ ကျွန်မတို့နဲ့ ဆွေးနွေးဖို့ကိစ္စကို သူတို့ဘက်ကနေ မလုပ်ပေးနိုင်ဘူးဆိုပြီးတော့ ပြောတယ်ပေါ့။ ဒါပေမဲ့ ကျွန်မတို့ကျန်တဲ့ အမှုတွေမှာ ကြုံခဲ့ရတဲ့အတွေ့ အကြုံအရဆိုရင်တော့ နစ်နာသူဘက်ကနေပြီးတော့ မိမိရဲ့ ဥပဒေအရာရှိကို တွေ့ပြီးတော့ မိမိရဲ့ အကျိုးအကြောင်းလေးတွေ ပြောတယ်ဆိုရင်ကတော့ အားလုံး  Welcome ပေါ့နော်။ ကြိုဆိုကြပါတယ်။ ကြိုဆိုပြီးတော့ တွေ့ဆုံကြတာလေး တွေကြုံဖူးပါတယ်။ ဒီမှာတော့ လောလောဆယ် ကျွန်မတို့ကို ပူးပေါင်းဖို့ အခြေအနေ မပေးသေးဘူးပေါ့” ဟု သတင်းထောက်များကို ပြောကြားသည်။
သတင်းထောက်တစ်ဦးက ပူးပေါင်းရန် အဆင်မပြေပါက မည်သို့ဆက်လုပ်သွားရန် ရှိသနည်းဆိုသည့် မေးမြန်းချက်အပေါ်တွင် ဒေါ်ရွက်နုအောင်က “ဒါကတော့ ဥပဒေအရာရှိရဲ့ သဘောထားအပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်မတို့ကတော့ ပုဒ်မ ၄၉၃ ပြဋ္ဌဌာန်းချက် ဖြစ်နေတဲ့အခါကတော့ သူ့ရဲ့ကြီးကြပ်မှု အောက်ကနေပဲ လိုက်ပါရမှာပေါ့။ ဥပဒေကတော့ အဲဒီလိုရှိတယ်ပေါ့။ အဲဒီတော့ မပူးပေါင်းဘဲနဲ့ ဆောင်ရွက်မယ်ဆိုရင်လည်း အဲဒီလိုဆောင်ရွက်တဲ့အပေါ်မှာပဲ ကျွန်မတို့က ဘေးကနေပြီးတော့မှ ဒါကို လေ့လာရမယ်။ အားသာချက်၊ အားနည်းချက်တွေက ဘယ်အခြေအနေမှာ ဖြစ်သွားပြီလဲဆိုတာကိုတော့ ကျွန်မတို့က ရှိရမှာပေါ့။ အဲဒီလိုပါပဲ။ ဒီနေ့အဖို့တော့ အဲဒီလောက်ပဲရှိတာပေါ့” ဟု ပြောကြားသည်။

တရားလိုဘက်မှ သက်သေတင်ထားသည့် အရေအတွက်အား တိတိကျကျမသိရသေးကြောင်း၊ ခရိုင်ဥပဒေအရာရှိမှ ပူးပေါင်းခြင်းမရှိသေးသည့်အတွက် မသိခဲ့ရကြောင်း ゞင်းက ဆက်လက်ပြောကြားသည်။

“တရားလိုသက်သေ ဘယ်လောက်တင်တယ်ဆိုတာ ဘာလို့မသိရသေးလည်းဆိုတော့ အခုနပြောသလို ဥပဒေအရာရှိက ကျွန်မတို့အပေါ် မပူးပေါင်းဘူးဆိုတော့လေ။ မသိခဲ့ရသေးပါဘူး။ ဒါပေမဲ့ မနေ့က တရားရုံးပြန်ကြားရေး တရားသူကြီးပြောကြားချက်အရတော့ ၂၆ ယောက်သက်သေပါတယ်ဆိုတာပဲ သိတယ်။ ဘယ်သူတွေပါတယ်ဆိုတာတော့ တိတိကျကျ မသိသေးပါဘူး” ဟု ဒေါ်ရွက်နုအောင်ကပြော ကြားသည်။

ယခုအမှုသည် ဗစ်တိုးရီးယားတစ်ယောက်တည်းနှင့် သက်ဆိုင်သည့်အမှုမဟုတ်ဘဲ မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ သမီးတစ်ယောက်၏  မိခင်တိုင်းနှင့် သက်ဆိုင်သည့် အမှုဖြစ်သည့်အတွက် အားလုံး၏ရင်ထဲတွင် ထည့်ထားရန်လိုအပ်ကြောင်း ရှေ့နေဒေါ်ရွက်နုအောင်က ပြောကြားသည်။ 

No comments:

Post a Comment