Saturday, July 6, 2019

နိုင်ငံခြားမှတင်သွင်းသည့် အချို့အလှမွေးငါးများသည် အသားစားငါးများဖြစ်သည့်အတွက် မလိုလားသည့် ပြဿနာများ မဖြစ်ပေါ်စေရန် တင်သွင်းမှုကို ငါးလုပ်ငန်းဦးစီးနှင့် ပူးပေါင်းလုပ်ဆောင်လိုဟုဆို

မြန်မာနိုင်ငံသို့ နိုင်ငံခြားမှတင်သွင်းလာသည့် တချို့အလှမွေးငါးများသည် အသားစားငါးများဖြစ်သည့်အတွက် မလိုလားအပ်သည့် ပြဿနာများမဖြစ်ပေါ်စေရန် နိုင်ငံခြားမှ တင်သွင်းမှုကို ငါးလုပ်ငန်းဦးစီးဌာနနှင့် ပူးပေါင်းလုပ်ဆောင်ချင်ကြောင်း မြန်မာနိုင်ငံ အလှမွေးငါးမွေးမြူရေးအသင်းအတွင်းရေးမှူး ဦးခင်မောင်ဦးက ပြောကြားသည်။

“အလှမွေးငါးတွေနိုင်ငံခြားက တင်သွင်းတာတွေရှိပါတယ်။ မြန်မာပြည်မှာ မလိုအပ်တဲ့ငါးတွေ ဆိုးကျိုးဖြစ်တဲ့ စုပ်ခွက်တို့၊ မီးနီငါးခူတို့၊ မိချောင်းငါး။ ဒါမျိုးတွေပါလာတယ်။ တစ်နှစ်ကဆို အလှမွေးငါးက တင်သွင်းထားတာဆိုပြီး ဖြေရှင်းရတာမျိုးတွေလည်းရှိခဲ့တယ်။ အလှမွေးငါး တင်သွင်းတဲ့အခါမှာ ငါးလုပ်ငန်းဦးစီးအနေနဲ့ အလှမွေးငါးနဲ့ ပူးပေါင်းပြီး လုပ်ဆောင်ချင်တယ်။ မလိုအပ်တဲ့ ပြဿနာတွေ မဖြစ်ပေါ်အောင် ညှိနှိုင်းပြီးတော့လည်း လုပ်ချင်ပါတယ်” ဟု အလှမွေးငါး မွေးမြူရေးအသင်း အတွင်းရေးမှူး ဦးခင်မောင်ဦးက ပြောကြားသည်။

အသားစားငါးများဖြစ်သည့် မီးနီငါးခူ၊ အမေရိကန်ငါးခူ၊ လိပ်၊ မိချောင်းငါးနှင့် စုပ်ခွက်ငါးတို့သည့် တခြားငါးမျိုးစိတ်များ မျိုးတုန်းနိုင်ပြီး သဘာဝဘေးအန္တရာယ် ထိခိုက်နိုင်သည်ဟု သိရသည်။
“သဘာဝချောင်းမြောင်းထဲမှာ လွှတ်တဲ့အခါကျရင် မိချောင်းငါးတွေ ကြီးလာလို့ မလိုချင်လို့ ကန်တော်ကြီးထဲကိုလွှတ်တဲ့အခါကျရင်၊ အင်းလျားကန်ထဲ လွှတ်တဲ့အခါကျရင် ဒီကောင်တွေက အသားစားငါးတွေဖြစ်တယ်။ အကောင်ကြီးလို့ မမွေးချင်လို့ ပြန်လွှတ်တဲ့အခါကျရင် သဘာဝပတ်ဝန်းကျင်ကို တအားထိခိုက်နိုင်တယ်။ တခြားငါးတွေ မျိုးတုန်းလောက်တဲ့အထိ ဖြစ်သွားနိုင်တယ်။ နိုင်ငံခြားကနေ သွင်းလာတဲ့အခါကျတော့ ငါးဦးစီးအနေနဲ့က သိတယ်။ ဆိုးရွားတဲ့ ငါးမျိုးစိတ်လို့ ဒီလောက်ကြီးအထိ မလေ့လာတော့ဘူး။ အလှမွေးငါးဆိုတော့ အလှလောက်ပဲထင်ပြီးတော့။ အမှန်တကယ်တော့ အသားစားငါးတွေဖြစ်တယ်” ဟု အတွင်းရေးမှူး ဦးခင်မောင်ဦးက ပြောကြားသည်။

၂၀၁၇ ခုနှစ်တွင် စုပ်ခွက်ငါးဘေးအန္တရာယ်ကြောင့် မြန်မာနိုင်ငံရှိ ငါးမျိုးစိတ်များအတွက် ဂယက်ရိုက်ခဲ့ပြီး အဆိုပါနိုင်ငံခြားအလှမွေးငါးများ တင်သွင်းမှုများကို သိရှိကြောင်း ゞင်းက ဆက်လက်ပြောကြားသည်။

“အခု Import ငါးတွေ အများကြီးဝင်ပါတယ်။ ဘာငါးတွေဆိုတဲ့ အတိုင်းအတာ။ တရားဝင်ဖြစ်၏၊ မဖြစ်၏ဆိုတဲ့ အတိုင်းအတာ ဒါကိုစစ်ဆေးသင့်တယ်။ တချို့ငါးတွေဆို အန္တရာယ်များပါတယ်။ စုပ်ခွက်ငါး၊ မိချောင်းငါးကိစ္စ။ အဲဒါတွေသည် ကျွန်တော်အသိနဲ့ ပြောရရင် တရားဝင်သွင်းလာတယ်လို့ မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ တရားဝင်ငါးတစ်မျိုးသွင်းမယ်ဆိုရင် ငါးလုပ်ငန်းဦးစီးဌာနက ငါးမျိုးသစ်ဆိုရင် မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်ကို ဆက်သွယ်ပါတယ်။ ဒီငါးတင်သွင်းတဲ့ကိစ္စနဲ့ ဘာပြဿနာတွေဖြစ်လာနိုင်တယ်ဆိုတာ တိုင်ပင်ဆွေးနွေးယူပြီးတော့မှ ငါးလုပ်ငန်းအဖွဲ့ချုပ်ကလည်း ကန့်ကွက်ရန် မရှိပါဆိုမှ Import တင်သွင်းပေးခဲ့တဲ့အတိုင်း အတာတွေဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးလှဌေးက ပြောကြားသည်။

No comments:

Post a Comment