Saturday, July 6, 2019

ပြည်သူ့ဆေးရုံများရှိ ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းကိရိယာများ ပြုပြင်ထိန်းသိမ်းစရိတ်သည် နှစ်စဉ် ကျပ်ခုနစ်ဘီလျံမှ ရှစ်ဘီလျံခန့်အထိ ကုန်ကျနေကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

ပြည်သူ့ဆေးရုံများရှိ ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းကိရိယာများ ပြုပြင်ထိန်းသိမ်းစရိတ်သည် နှစ်စဉ် ကျပ်ခုနစ်ဘီလျံမှ ရှစ်ဘီလျံခန့်အထိ ကုန်ကျနေကြောင်း ဇူလိုင် ၄ ရက်က ကုသရေးဦးစီးဌာန၊ အင်ဂျင်နီယာ ဌာနခွဲမှ အင်ဂျင်နီယာများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ကျန်းမာရးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။

“ဇီဝဆေးဘက်ဆိုင်ရာ အင်ဂျင်နီယာတွေရဲ့ ဆောင်ရွက်မှုက ဆေးဘက်ဆိုင်ရာ စက်ပစ္စည်း ကိရိယာတွေ အမျိုးအစားမှန်မှန်နဲ့ အရည်အသွေးကောင်းကောင်းဝယ်ယူရေးနဲ့ ဆေးရုံအသီးသီးရဲ့ စက်ပစ္စည်းကိရိယာတွေ အမျိုးမျိုးပြုပြင်ထိန်းသိမ်းရာမှာ ဘဏ္ဍဍာငွေကုန်ကျမှု၊ အလေအလွင့် နည်းပါးစေဖို့အတွက် အရေးပါတဲ့ကဏ္ဍဍမှာ တာဝန်ထမ်းဆောင်နေတဲ့သူတွေဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံတော်က နှစ်စဉ် ခုနစ်ဘီလျံကနေ ရှစ်ဘီလျံအထိ ကုန်ကျနေတဲ့ ပြုပြင်ထိန်းသိမ်းစရိတ်တွေ ကုန်ကျမှု သက်သာပြီး စက်ပစ္စည်းတွေ ကောင်းမွန်စွာ လည်ပတ်နိုင်ဖို့ တာဝန်ထမ်းဆောင်နေသူတွေလည်း ဖြစ်ပါတယ်။ အင်ဂျင်နီယာဌာနအသီးသီးက တာဝန်ရှိသူတွေရယ် ပြည်နယ်/တိုင်းဒေသကြီး အသီးသီးက အင်ဂျင်နီယာတွေရယ်အားလုံးပါတဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို နေပြည်တော်မှာ ပြုလုပ်ဖို့လည်း ရှိပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

ဆေးဘက်ဆိုင်ရာ စက်ကိရိယာများကို ထိန်းသိမ်းပြုပြင်ရန်ခက်ခဲနေပြီး ပျက်စီးသည့်အခါ ပြုပြင်ရန် အချိန်နှင့်ငွေကြေးကုန်ကျမှု များပြားခြင်းကြောင့် ဆေးဘက်ဆိုင်ရာ အင်ဂျင်နီယာပညာကို ပြည်တွင်း၌ ဖွင့်လှစ်သင်ကြားရန် စီစဉ်နေကြောင်း သိရသည်။


မြန်မာနိုင်ငံတွင် သမိုင်းမှတ်တိုင်သစ် တစ်ခုသဖွယ်ဖြစ်သော ဆေးဘက်ဆိုင်ရာ အင်ဂျင်နီယာဒီပလိုမာ (Medical Engineering Diploma) ကို ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (ရန်ကုန်) တွင် ပထမဆုံးအကြိမ် ဖွင့်လှစ်သင်ကြားနိုင်ရန် Japan International Cooperation Agency (JICA) နှင့် ဂျပန်နိုင်ငံ Okayama တက္ကသိုလ်တို့နှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် စာတွေ့သင်ကြားမှုအပြင်၊ ဆေးဘက်ဆိုင်ရာစက်ပစ္စည်း ကိရိယာများနှင့် လက်တွေ့သင်ကြားမှုများပါ ပါဝင်မည်ဖြစ်ကြောင်းနှင့် ပြည်တွင်းတွင် ဆေးဘက်ဆိုင်ရာ အင်ဂျင်နီယာသင်တန်းများ ဖွင့်လှစ်လေ့ကျင့်နိုင်ခြင်းဖြင့် ဝန်ကြီးဌာနအနေဖြင့် အမြဲမပြတ်ပြုပြင်ထိန်းသိမ်း နေရသော တန်ဖိုးကြီး ခေတ်မီဆေးဘက်ဆိုင်ရာ ရောဂါရှာဖွေရေးနှင့် ကုသရေး ကိရိယာများကို မိမိတို့ ဝန်ထမ်းအင်ဂျင်နီယာများမှ ထိရောက်စွာပြုပြင်ထိန်းသိမ်းမှုများ၊ ချို့ယွင်းပျက်စီးပါကအချိန်တိုအတွင်း ပြင်ဆင်နိုင်ခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်ပြီး ဘဏ္ဍဍာငွေများလည်း အလေအလွင့်နည်းပါးသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံပိုင်ပြည်သူ့ဆေးရုံကြီးများတွင် တစ်နှစ်လျှင် လူနာဦးရေ သန်းနှင့်ချီ တက်ရောက်ကုသနေပြီး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် တစ်နှစ်တာအတွင်း တစ်နိုင်ငံလုံးရှိ ဆေးရုံများတွင် အတွင်းလူနာ သုံးသန်းခန့်၊ ပြင်ပလူနာ ၁၂ သန်းခန့်အထိ ကျန်းမာရေးဝန်ဆောင်မှုပေးခဲ့ကြောင်းနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏၂၀၁၈ ခုနှစ် ခန့်မှန်းချက်များအရ မြန်မာနိုင်ငံ၌ သေဆုံးမှုများ၏ ရာခိုင်နှုန်း ၆၀ ခန့်သည်လည်းကောင်း၊ ဝန်ကြီးဌာန၏ ၂၀၁၄ မှ၂၀၁၆ ခုနှစ် ကျန်းမာရေးသတင်းအချက်အလက်များအရ ဆေးရုံတက် လူနာများသေဆုံးမှု၏ ရာခိုင်နှုန်း ၅၀ ခန့်သည် လည်းကောင်း မကူးစက်နိုင်သောရောဂါနှင့် ရောဂါ၏ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရရှိသည့်အချက်အလက်အရ သိရသည်။

No comments:

Post a Comment