Saturday, July 6, 2019

ရေးမြို့ ချောင်းတောင်တူးမြောင်းတံတားတိုင်အောက်ခြေ မတည်မြဲခြင်း၊ ကမ်းပါးပြိုခြင်းတို့ကြောင့် အချိန်မရွေးအန္တရာယ်ရှိနေရာ ဝန်ပေါ့ယာဉ်များသာ ဖြတ်ကူးခွင့်ကန့်သတ်ထားကြောင်း သိရ

မွန်ပြည်နယ်တောင်ပိုင်း မိုးရွာသွန်းမှုများပြားလေ့ရှိသည့် ရေးမြို့နယ် ချောင်းတောင်ရွာ တူးမြောင်းတံတား၏မြေသားကမ်း ပါးပြိုနေရာ မိုးကြီး၍ချောင်းဖျားရေဆင်းပါက တံတားရုတ်တရက်ပြိုလဲ၍ဖြတ်သန်းမည့်သူ များအန္တရာယ်ဖြစ်ပေါ်မည်ကို ဒေသခံများ စိုးရိမ်နေကြောင်း သိရသည်။

ချောင်းတောင်ကျေးရွာတွင် ဝဲရတ်၊ က လော့လေးရှေ့၊ နောက်အိမ်ခြေ ၁၅ဝဝဝခန့် ရှိပြီး ရေလုပ်သား၊ ကျပန်းလုပ်သား၊ လယ်ခြံလုပ်ငန်း လုပ်ကိုင်အသက်မွေးသူများ၍ယခင်က ရေးမြစ်မကြီး၏ တိုက်ရိုက်ရေဆွယ်ထိုးမှုကြောင့် ရေးမြို့စကားတောင်ဘုရားကမ်းခြေ ထိခိုက်မည့်အနေအထားရှိနေရာ ရေလမ်းလွှဲသည့်အနေနှင့် တူးမြောင်းဖောက်လုပ်ခဲ့၍ တူးမြောင်းတစ်ဖက်တွင် အကွက် ၆ ပေါ် ပေါက်ပြီး လူနေအိမ်ခြေ တစ်ရာကျော်၊ မူလ တန်းကျောင်းတစ်ကျောင်း တည်ရှိကြောင်း၊ ယင်းတူးမြောင်းကို၂၀၁၅ ခုနှစ်က ပေ ၁၂၀ အရှည်၊ အကျယ်ပေ ၆၀ တံတားထိုးခဲ့သော် လည်း၊ ၂၀၁၈ ခုနှစ်ရေကြီးမှုကြောင့် ကမ်းပါး ပြိုပြီး ဘေလီတံတားပြုလုပ်ဆက်ကာ သွားလာမှုများ ပြုလုပ်ခဲ့ရကြောင်း၊ လက်ရှိအနေထားအရ တံတားတိုင်အောက်ခြေမတည်မြဲ ခြင်း၊ ကမ်းပါးပြိုခြင်းတို့ကြောင့်၊ အချိန်မရွေး အန္တရာယ်ရှိနေရာ သွားလာမှုကို ဝန်ပေါ့ယာဉ်များကိုသာ ဖြတ်ကူးခွင့်ကန့်သတ်ထားကြောင်း ချောင်းတောင်အုပ်ချုပ်ရေးရုံးမှ သိရသည်။

“အခုတော့ မိုးကရွာလိုက်၊ တိတ်လိုက် ဖြစ်နေတယ်။ မိုးဆက်မယ်။ ရေးမြစ်ချောင်း ဖျား တောင်ပေါ်ရေကျလာပြီဆိုရင် တူးမြောင်း တံတားကနေမှာ မဟုတ်ဘူး။ တံတား အောက်ခြေက အခိုင်အမာမဟုတ်ဘူး။ ကွန်ကရစ်တံတားအဆက်က နိမ့်နေပြီ။ ကမ်းပြိုတာတစ်ဖက်ကို ဘေလီနဲ့ပဲ ထိန်းဆက်ထားတာ။ အပေါ်ယံလောက်ပဲ ကျန်တော့တာ။ မိုးတအားကြီးတဲ့အချိန် ကမ်းပါးပြိုရင် ဒီတံ တားပါပြိုမယ်။ အဓိကကျောင်းသားတွေရှိ တယ်။ ရပ်ကွက် ၆ မှာ မူလတန်းအဆင့်ပဲရှိတယ်။ အတန်းကြီးတဲ့ကျောင်းသားတွေ ချောင်းတောင်မှာ လာတက်ရတယ်။ ချောင်းတောင်လာဖို့က ဒီတံတားတစ်ခုပဲ ရှိတယ်။ ကျောင်းသားတွေ နေ့စဉ်ဒီတံတားကူးနေတော့ ရုတ်တရက်တံတားပြိုလဲပြီးအန္တရာယ် ဖြစ်မှာကို စိုးရိမ်မိတယ်”ဟု ချောင်းတောင်နေရွာခံတစ်ဦးက ပြောကြားသည်။
“ဒီအခြေနေတွေကို ကျွန်တော်တို့ကလွှတ်တော်ကိုယ်စားလှယ်အသီးသီးကိုလည်း တင်ပြခဲ့ပါတယ်။ သူတို့လည်းဆက်ပြီးတင်ပြ ထားတယ်လို့ ပြောပါတယ်။ ကြားတာက လာမည့်နှစ်ဘတ်ဂျက်မှာပါမယ်လို့သိတယ်။ ဒီလို မျိုးထပ်မဖြစ်အောင် ဘတ်ဂျက်ကျရင်တံတား ကိုလည်း ခိုင်ခိုင်ခံ့ခံ့ ကမ်းထိန်းနံရံပါလုပ်ဖို့လိုတယ်။ အကွက် ၆က တစ်ခြမ်းနီးပါး ရေးမြစ်ရေထိုးလို့ ဝိုက်စားနေတာ။ ဒီကြားထဲမှာမိုးထပ်မကြီးဖို့ဘဲ မိုးကြီးရေကြီးရင် ရေးမြစ်မကြီး ကိုတားတဲ့ သဲသောင်တာကလည်းမရှိ၊ တူး မြောင်းထဲ ထိုးဆင်း ကမ်းပါးကို တိုက်စားပြီး ပြိုနိုင်တယ်။ မြစ်ကြောင်း၊ ရေကြောင်း နားလည်တဲ့သူတွေ ကွင်းဆင်းပြီး ဘတ်ဂျက်ကြီး မကျခင် ဒီမိုးတွင်းမှာ အရံအတားတစ်ခုတော့လုပ်ပေးစေချင်ပါတယ်”ဟု ဦးမြင့်ဆန်း (အုပ်ချုပ်ရေးမှူး ချောင်းတောင်ကျေးရွာ)က ပြောကြားသည်။

No comments:

Post a Comment