Saturday, July 6, 2019

မြန်မာအမျိုးသမီးဘောလုံးအသင်း ပြည်တွင်းခြေစမ်းပွဲ လေးပွဲတွင် နှစ်ပွဲနိုင်

 မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် မော်လမြိုင်နှင့် ထားဝယ်မြို့တွင် ပြည်တွင်းခြေစမ်းပွဲ လေးပွဲယှဉ်ပြိုင်ရာ နှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံး ရလဒ် ထွက်ပေါ်ခဲ့သည်။  အာဆီယံပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် မြန်မာအမျိုးသမီး အသင်းသည် ဇွန်လ ၂၉ ရက်မှဇူလိုင် ၄ ရက်အထိ မော်လမြိုင်နှင့် ထားဝယ်တွင်  ဒေသခံလက်ရွေးစင်ဟောင်းများအသင်း၊ အမျိုးသားလူငယ်အသင်းတို့နှင့် ခြေစမ်းကစားခဲ့သည်။



မြန်မာအမျိုးသမီးအသင်း သည် မွန်ပြည်နယ် ရွှေခေတ်လက်ရွေး စင်ဟောင်းကို ၅-၀ ဂိုး၊ ထားဝယ်လက်ရွေးစင်ဟောင်း အသင်းကို ၅-၀ ဂိုးတို့ဖြင့် အနိုင်ရပြီး တနင်္သာရီတိုင်း ယူ-၁၇ လူငယ်လက် ရွေးစင်အသင်းကို ၁-၀ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ မြန်မာအမျိုးသမီးအသင်းသည် အားကာသိပ္ပံအမျိုးသားလူငယ် (မော်လမြိုင်) အသင်းနှင့် ခြေစမ်းပွဲတွင်မူ ဂိုးမရှိ သရေကျခဲ့သည်။

ယင်းခြေစမ်းပွဲများတွင် ရလဒ်ထက် ကစားကွက်ပိုင်းကို အဓိကထား ပြင်ဆင်ခဲ့ကြောင်း မြန်မာ့လက်ရွေးစင်အမျိုးသမီး ဘောလုံးအသင်းနည်းပြချုပ် ဦးဝင်းသူမိုးက ပြောသည်။  အာဆီယံပြိုင်ပွဲ အကြိုပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ယခုလ တတိယပတ်တွင် တရုတ်နိုင်ငံသို့ ခြေစမ်းခရီးစဉ် သွားရောက်မည် ဖြစ်သည်။ ၂၀၁၉ အာဆီယံအမျိုးသမီးချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲကို သြဂုတ် ၁၅ ရက်မှ ၂၇ ရက်အထိ ထိုင်းနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (ခ) တွင် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားအသင်းတို့နှင့်  ကျ ရောက်နေသည်။

No comments:

Post a Comment