Friday, May 17, 2019

ထနောင်းပင်ဝင်တိုက်မိရာမှ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၊ ယာဉ်ပေါ်လိုက်ပါလာသူ (၃) ဦးသေဆုံး

မကွေးတိုင်းဒေသကြီး၊မင်းဘူး(စကု)မြို့နယ်၊ ဆင်ခေါင်းကျေးရွာနှင့် ဇီးအိုင်ကျေးရွာအကြားတွင် မေလ(၁၅) ရက်နေ့ ည(၁၁)နာရီခွဲ အချိန်က ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ တပ်တောင်မြို့မှ ဂဏန်းများတင်ဆောင်လာသော (၆)ဘီးယာဉ်တစ်စီးသည် ထနောင်းပင်ဝင်ရောက်တိုက်မိရာမှ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ အခင်းဖြစ်ပွားရာ နေရာတွင် ယာဉ်ပေါ်လိုက်ပါလာသူ (၃) ဦးသေဆုံးခဲ့ကြောင်း စကုနယ်မြေရဲစခန်းမှ သိရသည်။



ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ တပ်တောင်မြို့မှ ဂဏန်းများတင်ဆောင်လာသော 5H/---- UD COUNTER (၆)ဘီးယာဉ် နီဝါကြား မော်တော်ယာဉ်အား ယာဉ်မောင်း အောင်မင်းသူ၊ (၃၀)နှစ်ခန့် ၊ မောင်းနှင်ပြီး ယာဉ်ပေါ်ပါ လူစီး(၅)ယောက်တို့ လိုက်ပါလာစဉ် မင်းဘူးမြို့နယ် ဆင် ခေါင်း ကျေးရွာ အနောက်ဘက် မိုင်တိုင်အမှတ် (၈/၂)အနီးတွင် ဝဲဘက်ယာဉ်ကြော လမ်းပုခုံးရှိ ထနောင်းပင်အား ဝင်ရောက်တိုက်ခိုက်မိရာ ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားပြီး ယာဉ်ပေါ်လိုက်ပါလာသူ စိုးမင်းနိုင်၊(၄၁)နှစ်၊ ၊ အမ်းမြို့နယ်နေသူသည် ဝဲဘက်တံတောင်တွင် ပွန်းပဲ့ဒဏ်ရာ၊(မစိုးရိမ်ရ)၊ မျိုးညီညီ ၊ မန္တလေးတိုင်းဒေသကြီး၊ ပုလိပ်မြို့၊ ဆည်ရွာနေသူသည် နဖူးထိပ်တွင် ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ပြီး စကုဆေးရုံ၊ ပြင်ပလူနာဆောင်တွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်းသိရသည်။  ၎င်းအပြင် ယာဉ်ပေါ်လိုက် ပါလာသူ ဦးမောင်လှအေး(၃၅) နှစ်ခန့်၊ အမှတ်(၂)ရပ်ကွက်၊ တပ်တောင်မြို့၊ အမ်းမြို့နယ်နေသူ သည် ဝဲနားနောက် ဖူးရောင်ဒဏ်ရာ၊ ဝဲဘက်နား ကွဲသည့် ဒဏ်ရာ၊ ယာလက်မောင်း ညိုမဲဒဏ်ရာများ ရရှိကာ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ကြောင်း၊ မခင်ဝင်းမြင့်(၃၅) နှစ်၊ အမှတ်(၂) ရပ်ကွက်၊ တပ်တောင်မြို့၊ အမ်းမြို့နယ်နေသူသည် ယာပါး ပွန်းပဲ့ညိုမဲ ဒဏ်ရာ၊ ဝဲလက်ဖျန်ရိုးပေါက်ပြဲဒဏ်ရာ၊ ယာလက်ကောက်ဝတ်ပေါက်ပြဲကျိုးသည့်ဒဏ်ရာ၊ နှာခေါင်းသွေးထွက်သည့် ဒဏ်ရာ များရရှိကာ အခင်းဖြစ်နေရာ တွင် သေဆုံးခဲ့ကြောင်း၊ မောင်စိုးဝင်းသန်း(၁၃) နှစ်၊ အမှတ်(၂) ရပ်ကွက်၊ တပ်တောင်မြို့၊ အမ်းမြို့နယ်နေသူသည်ဝဲခြေသလုံး ကျိုးသည့် ဒဏ်ရာ၊ ယာဒူးပွန်းပဲ့ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာသို့ စကုနယ်မြေစခန်းမှူး ရဲအုပ်သိန်းဟန်မိုး၊ တာဝန်မှူး ဒုရဲအုပ်နိုင်နိုင်ထွန်းနှင့် အဖွဲ့ ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်အား မဆင်မခြင်မောင်းနှင်ပြီး သေဆုံးဒဏ်ရာရရှိစေသူ ယာဉ်မောင်း အောင်မင်းသူအား ဥပဒေအရ အရေးယူ ဆောင်ရွက်ရန်အတွက် ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment