Sunday, June 23, 2019

မြောင်းမြမြို့ ကွယ်လွယ် အ.ထ.က (၇) ကျောင်းတွင် ဆရာမတစ်ဦးက ကျောင်းသားတစ်ဦးအား ဆံပင်ဆွဲ ပါးရိုက်ဆုံးမမှု ဖြစ်ပွားခဲ့ဟုဆို

မြောင်းမြမြို့ ကွယ်လွယ်ကျေးရွာ အမှတ် (၇) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းဆရာမ တစ်ဦးက တီဘီဆေးသောက်နေရသည့် ကျောင်းသားတစ်ဦးအား ဇွန် ၂၀ ရက်က ဆံပင်ဆွဲ ပါးရိုက်ဆုံးမခြင်း ကျောကုန်းအား ထုရိုက်ဆုံးမခြင်းများ ပြုလုပ်ခဲ့သည်ဟုဆိုကာ မိဘဖြစ်သူများက တိုင်ကြားခဲ့ကြောင်း သတင်းရရှိသည်။ဖြစ်စဉ်မှာ အဆိုပါနေ့တွင် အမှတ် (၇) အခြေခံပညာ အထက်တန်းကျောင်း၌ နဝမတန်း (B) ခန်းတွင် ပညာသင်ကြားနေသည့် ကျောင်းသားဖြစ်သူ စောဧပြီဖိုးမှာ ကျန်းမာရေး မကောင်းမွန်မှုကြောင့် စာရေးခုံပေါ်တွင် ခေါင်းတင်ကာ စာရေးနေခဲ့ကြောင်း၊
ထိုစဉ် အခန်းရှေ့တွင် ရှိနေသော ဆရာမဒေါ်သီရိ ပြည့်ပြည့်အောင် ဆိုသူက စောဧပြီဖိုးအား မည်သည့်မေးမြန်းမှုမျှ ပြုလုပ်ခြင် မရှိဘဲ ဆံပင်ဆွဲကာ ပါးရိုက်ခြင်း ကျောကုန်းအား ထုရိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ စောဧပြီဖိုးမှာ စာသင်ခန်းအတွင်း ပါးရိုက်ခံခဲ့ရခြင်းကြောင့် ရှက်ရွံ့ငိုယိုနေခဲ့ပြီး နေအိမ်သို့ ပြန်လည်ရောက်ရှိချိန်တွင် မိဘဖြစ်သူများအား တိုင်ကြားခဲ့ကြောင်း၊ သားဖြစ်သူ၏ တိုင်ကြားချက်အရ စောဧပြီဖိုး၏ ဖခင်ဖြစ်သူ ဦးဂျိုးဇက်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးထံ သွားရောက် တိုင်ကြားခဲ့ကြောင်း၊ ယင်းနောက် ဦးဂျိုးဇက်နှင့် စောဧပြီဖိုးအား ကျောင်းအုပ်ဆရာမကြီးက ကျောင်းအကျိုးတော်ဆောင်များနှင့်တကွ ခေါ်ယူတွေ့ဆုံခဲ့ပြီး ဖြစ်စဉ်အား ကျေငြိမ်းပေးရန် ညှိနှိုင်းဆောင်ရွက် ခဲ့သော်လည်း အဆင်ပြေမှု မရှိခဲ့ကြောင်း ကာယကံရှင်များထံမှ သိရသည်။“ပြဿနာက ကျွန်တော်စာရေးနေရင်းနဲ့ပါ။ ကျွန်တော်ခေါင်းကိုက်နေတာ ဆရာမက အမှတ်ခြစ်နေတာ ကျွန်တော်က ခေါင်းကိုက်လို့ ခဏငုံ့လိုက်လို့ ကျွန်တော့်ကို အပြစ်ဆိုပြီး ကျွန်တော့်ကို ဆံပင်လာဆွဲပြီး ပါးရိုက်တယ်။ ပါးရိုက်ပြီးတော့ ကျောကုန်းလည်း ရိုက်တယ်။ ကျွန်တော့်ကိုလည်း ဘာမှမမေးဘူး။ အဲဒါပါပဲ။ ဆရာမက ဒေါ်ပြည့်ပြည့်ပါ။ အဲဒီလိုလုပ်တော့ သားက ဘာမှပြန်မပြောဘူး။ အဲဒီလိုပဲ ငြိမ်နေလိုက်တယ်။ ဒီနေ့ခေါ်တွေ့တော့ ဆရာမက ကျွန်တော့်ကို တောင်းပန်တယ်။ ဒါပေမဲ့ ကျွန်တော့်အဖေစိတ်ကိုပဲ။ ကျွန်တော်လိုက်မယ်” ဟု ကျူးလွန်ခံရသူ စောဧပြီဖိုးက မိဘများ၏ ခွင့်ပြုသဘောတူညီမှုအရ မိဘများရှေ့တွင် ပြောကြားသည်။စောဧပြီဖိုး၏ ဖခင်ဖြစ်သူ ဦးဂျိုးဇက်ကလည်း “ကျွန်တော့်သားပြန်လာမှ ကျွန်တော်သိတာပေါ့နော်။ သူ့ဆရာမက ဆံပင်ဆွဲပြီး ပါးရိုက်တယ်။ ပါးလည်းရိုက်တယ် ကျောကုန်းလည်း ရိုက်တယ်။ ဆရာမက ဘာမှမမေးမြန်းဘဲ အသားလွတ် ရိုက်သွားတာပေါ့နော်။ ဒီတော့ မိဘတစ်ယောက်အနေနဲ့ ခံစားရတာပေါ့နော်။ မိဘတစ်ယောက် အနေနဲ့ မျက်ရည်ကျရတာပေါ့။ ကျွန်တော့်သားက ကျန်းမာရေး သိပ်မကောင်းဘူး။ ကျွန်တော့်သားကိုလည်း ဒီမှာပဲပြီး။ အဖေအမေတွေ ပြန်မပြောနဲ့ ဒါပေမဲ့ ကြောက်တယ်လို့ မဟုတ်ဘူးနော်ဆိုပြီး သူတို့က ပြောသေးတယ်။ မိဘတစ်ယောက် အနေနဲ့ ရင်ထဲမှာခံစားရတာပေါ့။ ကျွန်တော်တို့ကို ကျေအေးချင်လို့ဆိုပြီး ဒီနေ့ခေါ်တွေ့တယ်ပေါ့။ ကျွန်တော်ကတော့ ဒီအနာဂတ်ကြီးကို လက်မခံချင်လို့ မကျေအေးနိုင်ဘူး” ဟု ပြောကြားသည်။ယင်းဖြစ်စဉ်အား ကိုယ်တိုင်ဝင်ရောက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သူ အမှတ် (၇) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအကျိုးတော်ဆောင်ဖြစ်သူ ဦးဇော်တင့်ကလည်း “ကျွန်တော်တို့ကတော့ ကလေးတွေအခုလို ဖြစ်နေတဲ့အသံကို ကြားလိုက်တယ်။ ကျွန်တော်သားနဲ့ အဲဒီကလေးနဲ့ကလည်း တစ်တန်းတည်းလေ။ ကျွန်တော့်သားကြီးက ကျောင်းတက်ပြီး ပြန်လာတော့ ညမိုးချုပ်တော့ သားအဖတွေ့ဆုံတော့ အဖေကြီးရေ စောဧပြီဖိုးကိုတော့ ဆရာမက ပါးရိုက်လိုက်တယ်တဲ့။ သားရေ အဲဒါတော့များတယ်။ ဆရာမကတော့ ဆုံးမတာ ဖြစ်ပါလိမ့်မယ်။ ဆရာမ အဲဒီလိုပဲ ကြမ်းကြမ်းလေးလုပ်တယ်။ ဒါပေမဲ့ ကလေး ဘယ်လိုနေလဲဆိုတော့ အဖေကြီးရယ်တဲ့ သူကရှက်တော့ ငိုတာပေါ့တဲ့။ အေးအဲဒါတွေက ခက်တာပဲလို့ ကျွန်တော်တောင် ညတုန်းက ပြောလိုက်သေးတယ်။ အခုဒီမနက်လည်းကျရော ၁၀ နာရီလောက်ကျတော့ သတင်းကြားတယ်။ သူ့အဖေဂျိုးဇက်က လာပြီးတော့ အုပ်ချုပ်ရေးမှူးကို တိုင်တယ်တဲ့။ တိုင်တဲ့အခါကျတော့ အုပ်ချုပ်ရေးမှူးက တောင်းပန်ခိုင်းလိုက်တယ်ပေါ့။ ဆရာမက သွားတောင်းပန်လိုက် တယ်တဲ့။ ဂျိုးဇက်က မကျေနပ်လို့ ဘာလို့လဲဆိုတော့ သူ့သားကို ပါးရိုက်တာတော့ သူလက်မခံဘူး။ ကျန်တာကို ရိုက်တာတော့ လက်ခံတယ်ပေါ့။ ကလေးကနောက်ပြီး တီဘီဆေးလည်း သောက်ထားတယ်တဲ့။ ဒီရောဂါလည်း ကုနေရတယ်လို့ ဂျိုးဇက်က ပြောတယ်။ ကျွန်တော်တို့ကလည်း ကြားကနေပြီးတော့ တစ်ဖက်နဲ့တစ်ဖက်က ဆရာဆရာမဆိုတော့ ကျွန်တော်တို့ ငယ်ငယ်ကလည်း ရိုက်ခံခဲ့တယ်လေ။ ရိုက်တယ်ဆိုတဲ့ နေရာမှာတော့ ကျွန်တော်တို့ကို လက်တွေရိုက်တယ်။ ခြေတွေရိုက်တယ်။ တင်ပါးတွေ ရိုက်တယ်။ ပါးကိုရိုက်တယ် ဆိုတာတော့ မရှိခဲ့ဖူးဘူး။ အခုပါးကို ရိုက်တယ်ဆိုတော့ သားသမီးချင်း ကိုယ်ချင်းစာတယ်။ အဲဒီတော့ ကျွန်တော် ဒီပါးကို ရိုက်တာတော့ မဖြစ်သင့်ဘူးဆိုပြီး ညှိတာပေါ့လေ။ အဲဒီတော့ ဆရာမကြီးကလည်း တောင်းပန်တယ်။ ကာယကံရှင်ကလည်း တောင်းပန်တယ်။ တောင်းပန်ပေမဲ့ ဒီဘက်မှာ အကျူးလွန် ခံထားရတဲ့သူက မကျေနပ်ဘူး” ဟု ကြုံတွေ့ခဲ့ရသည်များကို ပြောကြားသည်။အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အမှတ် (၇) အခြေခံပညာ အထက်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဖြစ်သူ ဒေါ်မွှေးမွှေးလေးအား တွေ့ဆုံမေးမြန်းနိုင်ရန်အတွက် ကျောင်းရှေ့သို့ သွားရောက်ကာ ဖုန်းဖြင့်တွေ့ဆုံခွင့်ရရန် ခွင့်ပြုချက် တောင်းခံရာတွင် အစည်းအဝေးများ ရှိနေသဖြင့် မအားလပ်ကြောင်းသာ ပြန်လည်ဖြေကြားခဲ့သည်။

No comments:

Post a Comment