Saturday, July 6, 2019

ဆွမ်ပရာဘွမ်နှင့် ပူတာအိုဒေသတွင် သတ္တုတွင်းလုပ်ကွက်များ တရားဝင်ချထားပေးမည်

 ဆွမ်ပရာဘွမ်နှင့် ပူတာ အိုဒေသတွင် ပထမဆုံးအဖြစ် အသေးစား၊ လက်လုပ်လက်စားသတ္တုတွင်း လုပ်ကွက်များ လုပ်ကိုင်ခွင့် တရားဝင်ချထားမည် ဖြစ်ကြောင်း ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၀န်ကြီဦးဒါရှီလဆိုင်းက ဇူလိုင် ၄ ရက်က ပြောသည်။ ကချင်ပြည်နယ်အစိုးရအဖွဲ့ နှင့်သာ သက်ဆိုင်သော အသေး စား၊ လက်လုပ်လက်စား သတ္တု တူးဖော်ခွင့်ပြုမိန့်ထုတ်ပေးခြင်း အစီအစဉ်အရ ဆွမ်ဘရာဘွမ်နှင့် ပူတာအိုဒေသများသည် ပထမဆုံး တရားဝင်ခွင့်ပြုပေးခြင်းဖြစ် ပြီး ရွှေကူနှင့် ဖားကန့်ဒေသတို့ တွင်ရှိသော တရားမ၀င်တူးဖော် နေသည့် သတ္တုတွင်းလုပ်ငန်းများကိုပါ တရားဝင်ဖြစ်အောင် ဆောင်ရွက်နေကြောင်း ၎င်းကပြောကြားသည်။



ဝန်ကြီးဦးဒါရှီလဆိုင်းက ‘‘တရားမ၀င်လုပ်ငန်းတွေ လုပ်ကိုင်နေတာတွေ ရှိတဲ့အတွက် ကြောင့် တရားဝင်ဖြစ်အောင် ကျွန်တော်တို့က အကောင်အထည်ဖော်ပေးတာ။ တရားမ၀င် လုပ်နေတဲ့သူတွေက ကိုယ့် နိုင်ငံသားတွေ ဖြစ်နေတဲ့အခါကျတော့ ဂုဏ်သိက္ခာပိုင်းအရ မကောင်းဘူး။ အဲဒီတော့ မိမိတို့တတ်နိုင်တဲ့အပိုင်းကနေ ရင်းနှီးမြှုပ်နှံမှုမှာ ပါဝင်နိုင်ဖို့ အကောင်အထည် ဖော်ပေးတာပါ’’ဟု ပြောသည်။

 ဆွမ်ပရာဘွမ်  ဒေသရှိ ချောင်းတစ်လျှောက်တွင် ဖြုန်းရွှေအများစုထွက်ရှိကြောင်း၊ ပူတာအိုမှာမူ  ရွှေ ထွက်ရှိမှုထက် စမ်းသပ်မှုများအရ သတ္တုအများစု ထွက်နိုင်ပြီး နိုင်ငံခြားဖက်စပ်ကုမ္ပဏီ တစ်ခုက လာရောက်လျှောက်ထားမှုရှိ ကြောင်း ကချင်ပြည်နယ် သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစောယုက ပြောသည်။

သတ္တုတူးဖော်ရန် တင်ပြထားသည့် အချက်အလက်ပြည့်စုံ သော ကုမ္ပဏီများကို ယင်းဒေသ များတွင် လုပ်ကွက်များ ချထားပေးမည်ဖြစ်ပြီး လုပ်ကွက်ရရှိသောကုမ္ပဏီများအနေဖြင့် သတ္တုတွင်းဥပဒေ၊ နည်းဥပဒေပါ စာချုပ်ပါစည်းကမ်းအတိုင်း ဆောင်ရွက်ရန် မိုးတွင်းကာလ အတွင်းဒေသရှိ လမ်းပန်းဆက်သွယ်ရေး လုပ်ငန်း များကို စက်ယန္တရားများဖြင့် ကူညီဆောင်ရွက်ရန် ပြည်နယ်အစိုးရက ညွှန်ကြားထားသည်။ကချင်ပြည်နယ်ရှိ ဖားကန့်၊ ဟောင်ပါး၊ နန့်ပင်း၊ ရွှေတောင်ကျော် ဒေသများတွင် ဓာတ်သတ္တုအသေးစား၊ လက်လုပ်လက်စား ၃၇,၇၂၃ ဧကရှိသော ဧရိယာနှင့် ဆယ်ဇင်းဒေသတွင်း ဓာတ်သတ္တု အသေးစား၊ လက်လုပ်လက်စား ဧက ၂,၆၀၀ ကျော်ရှိ ဧရိယာအတွက် လုပ်ကိုင်ခွင့် လျှောက်ထားနိုင်ကြောင်း သတ္တုတွင်းဦးစီးဌာနက ဇွန်လက ထုတ်ပြန်ခဲ့သည်။

No comments:

Post a Comment